နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် မီဒီယာဖိနှိပ်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးခံ သတင်းသမားများ ထောင်ဒဏ် ဖြေလျှော့ပေးရန် နိုင်ငံတော်သမ္မတကို ဆန္ဒပြခဲ့သည့် သတင်းထောက် ၅၀ ဦးခန့်ကို ကမာရွတ် ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ရာမှ ယနေ့တွင် အမှုပိတ်ခဲ့ကြောင်း ကမာရွတ်ရဲစခန်းထံမှ သိရရှိသည်။
ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့တော် မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် မီဒီယာဖိနှိပ်မှုရပ် စာတမ်းပါ ရှပ်အင်္ကျီ ဝတ်ဆင်ပြီး ပါးစပ်တွင် တိပ်မည်းများကပ် ဆန္ဒပြခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
“အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်တာပါ” ဟု ကမာရွတ်မြို့နယ် စခန်းမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ သတင်းထောက်များကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခြင်းသည် ယခင်ကတည်းက မဖွင့်သင့်သည့် ပုဒ်မဖြစ်ပြီး ယခုအခါ အမှုပိတ်လိုက်ခြင်းမှာ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် မီဒီယာတို့ကြား ရေရှည်ဆက်ဆံရေး အဆင်ပြေရန် ဖြေလျှော့ပေးခြင်း ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။
ပုဒ်မ ၁၈ ကို ယနေ့မှ ပိတ်ခြင်းဖြစ်နိုင်ပြီး နိုင်ငံတော်သမ္မတ၊ ပြန်ကြားရေး ဝန်ကြီးနှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံမှု၏ ရလဒ်ဖြစ်နိုင်ကြောင်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရသည့် သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် ဒေါ်ရွှေမှုန်က ပြောကြားသည်။
ပေါက်မြို့နယ်တွင် လျှို့ဝှက်ဓာတုလက်နက် စက်ရုံကို တပ်မတော်က တည်ဆောက်နေသည် ဟူသော သတင်းဖော်ပြခဲ့သည့် Unity ဂျာနယ်မှ အမှုဆောင်အယ်ဒီတာ အပါအဝင် သတင်းသမားငါးဦးကို ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့သည့်အတွက် ဇူလိုင်လ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် အဆိုပါ သတင်းသမားများကို ပြန်လွှတ်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

0 comments:
Post a Comment