Friday, August 8, 2014

မလေးရှား လေကြောင်းလိုင်းကို အလုံးစုံ ပြုပြင်ဖွဲ့စည်းရန် စီစဉ်


မလေးရှား အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး Khazanah Nasional သည် မလေးရှား လေကြောင်းလိုင်းကို အလုံးစုံ ပြန်လည်ပြုပြင် ဖွဲ့စည်းရန် အဆိုပြု ကြိုးစားလာကြောင်း သတင်းရရှိသည်။

Khazanah သည် မလေးရှား လေကြောင်းလိုင်း၏ အဓိက ရှယ်ယာပိုင်ရှင် လုပ်ငန်းစုကြီး ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းသည် ယခုနှစ်အတွင်း MH370 လေယာဉ် ပျောက်ဆုံးမှု၊ MH17 လေယာဉ် ပျက်ကျမှုများကြောင့် အဆိုးရွားဆုံး ကာလများကို ဖြတ်သန်းနေရသည်။ လေကြောင်းလိုင်း၏ အနာဂတ် ရပ်တည်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေချိန်တွင် Khazanah က အပြောင်းအလဲအတွက် ဦးတည်လာခြင်း ဖြစ်သည်။

Khazanah က ဈေးကွက်ထဲတွင် ၎င်းတို့ပိုင်ဆိုင်ခြင်း မရှိသေးသည့် ရှယ်ယာများကို ဝယ်ယူနိုင်ရန် အဆိုပြုထားသည်။ Khazanah သည် မလေးရှား လေကြောင်းလိုင်း၏ ရှယ်ယာ (၆၉.၄)ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး လက်ကျန်ရှယ်ယာများကို ဆက်လက်ဝယ်ယူရန် စီစဉ်လျက် ရှိသည်။ မလေးရှား စတော့အိတ်ချိန်း၏ ဈေးနှုန်း သတ်မှတ်ချက်အရ ဩဂုတ်(၇)ရက် ညပိုင်းထိ မလေးရှား လေကြောင်းလိုင်း၏ ရှယ်ယာတစ်ခု တန်ဖိုးမှာ (၀.၂၇)ရင်းဂစ် ရှိသည်။

သောကြာနေ့တွင် Khazanah သည် ရှယ်ယာများ လက်လွှဲဝယ်ယူမည့် အစီအစဉ်ကို ကြေညာဖွယ် ရှိနေပြီး မလေးရှား လေကြောင်းလိုင်း၏ ရှယ်ယာ အရောင်းအဝယ်များကို စတော့ဈေးကွက်တွင် ဆိုင်းငံ့ထားလိုက်သည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် မတ်လ(၈)ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း ရုတ်တရက် ပျောက်ဆုံးသွားပြီး ယနေ့တိုင် အစအန ရှာမတွေ့ခဲ့ချေ။ MH17 မှာမူ ဇူလိုင်(၁၇)ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသကို ဖြတ်ကျော်ပျံသန်းရင်း သူပုန်တပ်များက စစ်လေယာဉ်နှင့် မှားယွင်းပစ်ချသည်ဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့သည်။ အဆိုပါ ဖြစ်ရပ်များကြောင့် မလေးရှား လေကြောင်းလိုင်း၏ တန်ဖိုးသည် ပြီးခဲ့သည့် လပိုင်းများအတွင်း (၄၀)ရာခိုင်နှုန်းမျှထိ ကျဆင်းလာကြောင်း သိရှိရသည်။

_Ref: BBC

0 comments:

Post a Comment