Friday, August 15, 2014

တပ်မတော်ကဏ္ဍကို တိကျစွာ သတ်မှတ်ရေးသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဟု ဂျွန်ကယ်ရီပြော


တပ်မတော်၏ အခန်းကဏ္ဍကို တိတိကျကျ သတ်မှတ်ရေးသည် မြန်မာနိုင်ငံ ရင်ဆိုင်နေ ရသည့် ကြီးမားသော စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ဟာဝိုင်အီရှိ East- West Center တွင် သြဂုတ်လ (၁၃) ရက်နေ့က ပြောကြားသော မိန့်ခွန်း ထဲ၌ ထည့် သွင်း ပြောကြားခဲ့သည်။ လွန်ခဲ့တဲ့ တစ်ပတ်က မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူတွေ လုပ်ဆောင်ခဲ့တဲ့အဦး ပိုင်းတိုးတက်မှု တွေကို မျက်မြင် ကိုယ်တွေ့ မြင်ခဲ့ရပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံအနေနဲ့ အဲဒီဖွံ့ဖြိုး တိုးတက်မှုတွေ ပေါ်ပေါက်အောင် ရာစုနှစ်ရဲ့ လေးပုံတစ်ပုံလောက် မြန်မာနိုင်ငံကို တိုက်တွန်းပေးနိုင်ခဲ့တဲ့ အတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။ ခင်ဗျားတို့လည်း ဂုဏ်ယူ သင့်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ရှေ့ဆက်ပြီး လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ် ဟု ၎င်းငက ပြောသည်။

         အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကလည်း မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ် အရှိန်မသေးကြောင်း သြဂုတ်လ (၇) ရက်နေ့က VOA နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် အခြားသော ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။

        ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှု များတွင် ကြီးမားသော စိန်ခေါ်မှုများမှာ တပ်မတော်၏ ကဏ္ဍကို တိကျစွာ သတ်မှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေး၊ ဆယ်စုနှစ်နှင့်ချီကာ ဖြစ်ပွားနေသော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး၊ မြန်မာ နိုင်ငံသား တို့၏ လူ့အခွင့်အရေးများကို တရားဥပဒေဖြင့် ကာကွယ်ပေးရေးတို့ ဖြစ်ကြောင်း ဂျွန်ကယ်ရီက ပြောသည်။ ထို့အပြင်လည်း ရင်းနှီးမြှုပ်နှံမှုများ ကို ဖိတ်ခေါ်နေချိန်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ နိုင်ငံ၏ သစ်တောနှင့် အခြားအရင်းအမြစ်တို့ကို ကာကွယ်ရေး တို့သည်လည်း စိန်ခေါ်မှုများ ဖြစ်နေကြောင်း ဂျွန်ကယ်ရီက ပြောသည်။

        အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို ကူညီနိုင်ဖို့အတွက် ဘယ်အရာမဆို လုပ်ဆောင်သွားမှာပါ။ အထူးသဖြင့် လာမည့်နှစ်မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို ထောက်ပံ့ဖို့ပေါ့ ဟု ဂျွန်ကယ်ရီက ပြောသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ အတွက် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အမေရိကန်ဒေါ်လာ (၂၀၂၁၈၅၀၀၀) ဒေါ်လာ ထောက်ပံ့ခဲ့ကြောင်း အမေရိကန်နိုင်ငံက သြဂုတ်လ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။    

The Messenger's Local News

0 comments:

Post a Comment