Tuesday, July 1, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ သုံးသန်းကျော်စာရင်းကို ရရှိထားပြီး ခန့်မှန်းအရေအတွက်အထိ ရောက်ရှိနိုင်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ သုံးသန်းကျော် စာရင်းကို ရရှိထားပြီးပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူဦးရေမှာ ခန့်မှန်းထားသည့် အရေအတွက်ထိရောက်ရှိနိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆို ခွင့်ရသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်ထိ ကြာမြင့်မည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပြည် သူလူထုလက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိပြည်သူ ၁၆ သန်းဝန်းကျင် ပါဝင်လက်မှတ်ရေးထိုးမည်ဟု ခန့်မှန်းထားပြီး လက်မှတ်ရေးထိုးသူ အရေအတွက်ကို ယခုနှစ် ဇူလိုင်လကုန်ဝန်းကျင်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားထားသည်။

“ပြီးခဲ့တဲ့အပတ်က ရတာကတော့ သုံးသန်းကျော်ပါ။ ပြီးခဲ့တဲ့အပတ်ထိ ကျွန်တော်တို့ဆီကို ရောက်တဲ့စာရင်းပေါ့။ မရောက်တာတွေလည်း ရှိပါတယ်။ ဒီဟာက ကျွန်တော်တို့ လက်လှမ်းမီတဲ့စာရင်းပဲ။ ကျေးရွာတွေက ဟာတွေက ကျွန်တော်တို့ လက်လှမ်းမမီဘူး။ နောက်မှလာမှာ။ တိုင်းနဲ့ပြည်နယ်အားလုံး မစုံပါဘူး။ ရသလောက်ကို ကျွန်တော်တို့ ပြောလိုက်တာပါ။ ခန့်မှန်းထားတဲ့အတိုင်း အများစုရနိုင်ပါတယ်။ လက်မှတ်ရေးထိုးမှု တွေဆက်လုပ်နေပါတယ်။ အားလုံး ပိတ်ပြီးမှ တရားဝင်ထုတ်ပြန်ပါမယ်” ဟု ဦးဥာဏ်ဝင်းက ဇွန် ၃၀ ရက်တွင် ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုး လှုပ်ရှားမှုကို NLD နှင့် ၈၈ မျိုးဆက်က ဦးဆောင်ပြုလုပ်နေသည်ဟု ဆိုသော်လည်း အခြားနိုင်ငံရေး အင်အားစုများကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အနုပညာရှင်များ၊ ကဗျာဆရာများ၊ မသန်စွမ်းအဖွဲ့အ စည်းများကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှုကို စုပေါင်းရေးခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့တွင် များစွာတိုးတက်လာနိုင်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်အဖွဲ့တို့မှ ခေါင်းဆောင်များသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲများကို တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်များ၌ ပြုလုပ်ခဲ့သည့်အပြင် ပုဒ်မ ၄၃၆ ကို မည်သည့် အတွက်ကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် ရှင်းလင်းချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို သိန်းနှင့်ချီပြီး ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးပေါင်းကော်မတီမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်တွင် “ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသာရှိတဲ့ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ အခြေခံဥပဒေပြင်ဆင်လို့ ရမည်ဆိုသည့် ပုဒ်မ ၄၃၆”၊ “ပြည်သူ့ကိုယ်စားလှယ် မဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းက မထောက်ခံရင် ပြင်ဆင်လို့ မရနိုင်တဲ့ ပုဒ်မ ၄၃၆”၊ “လွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံသော်လည်း ပြည် လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူအားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတဲ့ပုဒ်မ ၄၃၆”၊ “အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ဘယ်လိုမှ ပြင်ဆင်လို့ မရနိုင်အောင်လုပ်ထားတဲ့ ပုဒ်မ ၄၃၆” စသည့် စာသားများအား ဖော်ပြထားသည်။

Eleven Media Group

0 comments:

Post a Comment