ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ဇူလိုင်လ၂၈ ရက်က တရားဝင် တင်သွင်းခွင့် ပေးမထားသော အ၀တ်အထည်ဟောင်းမျိုးစုံပါဝင်သည့် ဘေထုပ်များကို ကွန်တိန်နာ ခုနစ်လုံးဖြင့် သယ်ဆောင်လာသည်ကို တားဆီးထိန်းချုပ်ထားကာ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ (Mobile Team) မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၌ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ခြင်းများကို ဇူလိုင်လ သုံးရက်နေ့မှစတင်၍ ဖမ်းဆီးစစ်ဆေးခဲ့ရာ ပညာပေးကာလအဖြစ် တစ်လဆောင်ရွက်နေခြင်းဖြစ်သော်လည်း ဥပဒေနှင့်အညီ အရေးယူများလည်း ပြုလုပ်ခဲ့သည်။
“တချို့ပစ္စည်းတင်သွင်းမှုတွေက သာမန်ဖြစ်ရိုးဖြစ်စဉ်တွေဆိုပေမယ့် တချို့ကုန်သွယ်မှုတွေက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာတွေ ရှိတယ်။ တင်သွင်းလာတဲ့ အ၀တ်တွေက ဘယ်လိုပဲ ကောင်းနေပါစေ သူများနိုင်ငံတွေမှာ သုံးပြီးသားဖြစ်တဲ့ ဒီလိုအ၀တ်အထည်ဟောင်းတွေကို ဘယ်နိုင်ငံမှာမှ ခွင့်မပြုပါဘူး။ ဒီလိုအမှုက အရက်ဘီယာတင်သွင်းတာနဲ့ အတူတူပါပဲ ” ဟု ဦတင်ရဲဝင်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ကွန်တိန်နာများတွင် Brand New: Personal Goods, Brand: Kyoei အ၀တ်အထည် ငါးမျိုး (၁၁,၂၄၀ ထည်) သွင်းလာသည်ဟု လိုင်စင်တွင် ဖော်ပြထားသော်လည်း စစ်ဆေးရာတွင် ဖော်ပြထားသည့် အရေအတွက်နှင့် ID ဖော်ပြထားချက်များ ကွဲလွဲနေခြင်း၊ လိုင်စင်တွင် ဖော်ပြထားသည့် အရေအတွက်နှင့် ID တွင် အခွန်ကောက်ခံသည့် အရေအတွက် ကွဲလွဲနေခြင်း၊ Brand New အ၀တ်များအစား အ၀တ်အထည်ဟောင်း (ဘေထုပ်) များဖြစ်နေသည့်အတွက် ပညာပေးကာလဆိုသော်လည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်စဉ်ကို အစိုးရအဖွဲ့ထံကို တိုက်ရိုက်တင်ပြထားပါတယ်။ ဥပဒေနဲ့အညီ အရေးယူသွားမှာပါ ”ဟု ဦးတင်ရဲဝင်းက ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသည့် အ၀တ်အထည်များမှာ အထည်မျိုးစုံပါဝင်ပြီး ခန့်မှန်းအရေအတွက် သုံးသိန်းသုံးသောင်း ကျော်ဖြစ်သည်။ အ၀တ်ဟောင်းများကို ထည့်သွင်းထားသည့် ဘေထုပ်ပေါင်း ၁,၁၇၂ ရှိပြီး ခန့်မှန်းတန်ဖိုး မသိရှိသေးကြောင်း တရားမ၀င်ကုန်သွယ်မှု ဗဟိုကော်မတီက ထုတ်ပြန်ပြောဆိုသည်။
Mizzima

0 comments:
Post a Comment