Tuesday, July 29, 2014

မင်းသား လီယိုနာဒို သမုဒ္ဒရာ ဖောင်ဒေးရှင်း အတွက် အလှူ ငွေ ဒေါ်လာ၂၅သန်း လက်ခံရရှိပြီးနောက် ဇိမ်ခံရွက်လှေဖြင့် ခရီးထွက်

အော်စကာဆု စာရင်းတွင် ငါးကြိမ်တိုင် တင်သွင်းခံရသည့် အသက် ၃၉နှစ်အရွယ် မင်းသား လီယိုနာဒိုသည် ၎င်း၏ ပင်လယ် သမုဒ္ဒရာ စောင့်ရှောက်ရေးဖောင်ဒေးရှင်း အခမ်းအနားတွင် အလှူ ငွေ ဒေါ်လာ၂၅သန်း ထည့်ဝင်မှုကို လက်ခံ ရယူပြီးနောက် ဇိမ်ခံရွက်သင်္ဘောဖြင့် ခရီးထွက်ခဲ့သည်ဟု daily mirror သတင်းစာတွင် ဖော်ပြထားသည်။

သရုပ်ဆောင်မှု အပိုင်းတွင် ပိုင်နိုင်သည့် လီယိုသည် “The Wolf of Wall Street” ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်ကောင် ဂျော်ဒန်ဘဲလ်ဖွန့် ကဲ့သို့ လက်တွေ့ ဘဝတွင်လည်း မည်ကဲ့သို့ ဇိမ်ခံရမည်ကို အသေအချာသိသူဖြစ်သည်။

လီယိုနာဒို၏ ဖောင်ဒေးရှင်းသည် ကမ္ဘာ့သမုဒ္ဒရာကြီးများနှင့် ယင်းသမုဒ္ဒရာအတွင်းရှိ ရေသတ္တဝါများကို ကာကွယ်ရန် ဖြစ်ပြီး ယခုအခါတွင် ၎င်းသည် စိန့်ထရောပက်ဇ်မှ ပါတီပွဲပြုလုပ်မည့် အိုင်ဘီဇာကျွန်းသို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ လီယိုသည် ၎င်း၏ ခရီးစဉ်တွင် ဆွဲဆောင်မှု ရှိသည့် အသက်၂၂အရွယ် ချစ်သူ ဂျာမန်မော်ဒယ်တိုနီဂမ်း အားခေါ်ဆောင်ခဲ့ပြီး ပြင်သစ် အရှေ့တောင်ပိုင်းမှ စပန်ကမ်းခြေသို့ ရွက်လွှင့်ပြီး အိုင်ဘီဇာကျွန်း အနီးတွင် ၎င်း၏ ဇိမ်ခံရွက်လှေ ကို ကျောက်ချ ထားသည်။

လီယိုနှင့် တိုနီဂမ်းတို့နှစ်ဦးသည် သမုဒ္ဒရာထဲတွင် မြူးတူးပျော်ရွှင်နေ ကြသည်ဟုလည်း သတင်းတွင် ရေးသားထားသည်။ လီယိုသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် “Our Ocean” ကွန်ဖရင့်၌ ကမ္ဘာ့နိုင်ငံ့ ခေါင်းဆောင်များ အနေဖြင့် သမုဒ္ဒရာများ ကယ်တင်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး ယင်းကိစ္စရပ်အား အရေးတကြီး ဆောင်ရွက်ခြင်း မပြုပါက ငါးမန်းနှင့် လင်းပိုင်တို့ကဲ့သို့ ရှားပါးမျိုးစိပ် များအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း လီယိုကပြောကြားခဲ့သည်။

လီယိုသည် ပင်လယ်နေ တိရိစ္ဆာန်များ အတွက် သမုဒ္ဒရာ ကာကွယ် စောင့်ရှောက်ရေး ဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အလှူ ငွေ ဒေါ်လာ သုံးသန်းဖြင့် စတင် မတည်ကာ တည်ထောင် ခဲ့ခြင်းဖြစ်သည်။ လာမည့် နှစ်နှစ်အတွင်း သမုဒ္ဒရာများ စောင့်ရှောက်ရေးအတွက် ဒေါ်လာ၇သန်း ထပ်မံလှူ ဒါန်း မည်ဟုလည်း လီယိုက ကတိပြု ထားသည်ဟု mirror သတင်းစာတွင် ဖော်ပြထားသည်။

Mizzima

0 comments:

Post a Comment