Thursday, July 10, 2014

မြန်မာပြည် အလှကုန်ဈေးကွက်ရဲ့ ထုံးစံတွေက ဘာတွေလဲ

ရန်ကုန်က အလှကုန်ကောင်တာတွေမှာ ကိုယ်နဲ့ လိုက်ဖက်တဲ့ အလှကုန်တွေကို စိတ်ကြိုက်
ရွေးချယ်ဝယ်ယူနိုင်ဖို့ဆိုတာ လတ်တလောမှာတော့ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပဲလို့ လက်မှုပစ္စည်း
ဒီဇိုင်နာတစ်ဦး ဖြစ်တဲ့ မကလျာမိုးက ပြောလိုက်ပါတယ်။

အလှကုန်ဝယ်ယူတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံဆိုးတွေ တော်တော်များများ ကြုံဖူးပုံရတဲ့
မကလျာမိုးက သူ့အတွက် ရန်ကုန် မှာ အလှကုန်ပစ္စည်းတစ်ခု ၀ယ်ယူရေးဟာ စွန့်စားခန်းတစ်ခုပဲ
လို့လည်း ဆိုပါသေးတယ်။

ရန်ကုန်မြို့အပါအ၀င် မြန်မာပြည်အနှံ့က ဈေးဝယ်စင်တာတွေမှာ အလှကုန်ကောင်တာတွေကို
အများအပြား တွေ့ရှိနိုင်ပေမယ့် ပစ္စည်းမ၀ယ်ခင်မှာ လက်တွေ့စမ်းသပ်လိမ်းခြယ်နိုင်ဖို့
အလှကုန်ပစ္စည်းတွေ ခင်းကျင်းပေးထားတဲ့ ကောင်တာတွေကတော့ အနည်းငယ်သာ ရှိပါတယ်။

ဒီလိုခင်းကျင်းထားတဲ့ ဆိုင်တွေကလည်း ဖောက်သည်တွေကို အကန့်အသတ်နဲ့သာ စမ်းသပ်သုံးစွဲ
ပေးထားပြန်ပါတယ်။

ဒီတော့ ပျိုပျို၊ အိုအို အမျိုးသမီးထုကြီးဟာ လိုအပ်တဲ့ အလှကုန်တွေကို မျက်စိအမြင်နဲ့သာ
ဝယ်ယူကြရတာဟာ မြန်မာပြည်အလှကုန်ဈေးကွက်ရဲ့ ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။

"ပြီးခဲ့တဲ့လက ဆိုးစရာ လုံးဝမရှိတော့လို့ နာမည်ကြီးကောင်တာတစ်ခုမှာ နှုတ်ခမ်းနီ တစ်တောင့်
ဝယ်ဖြစ်တယ်။ Tester လုပ်စရာ မရှိဘူး။ 'Tester မရှိဘဲ ကိုယ်နဲ့လိုက်ဖက်လား၊ မလိုက်ဖက်ဘူး
လားဆိုတာ ဘယ်လိုရွေးမလဲ' လို့ ကောင်တာက ၀န်ထမ်းမလေးကို မေးလိုက်တော့
လက်ဖ၀ါးပေါ်မှာ နှုတ်ခမ်းနီတောင့်စွန်းလေးနဲ့ ခပ်သေးသေး အချောင်းလေး ဆွဲပေးတယ်။
အဲလိုနည်းနဲ့ပဲ ကောင်းမယ်ထင်တာ တစ်တောင့်ဝယ် လိုက်ပေမယ့် အိမ်ရောက်လို့
တကယ်ဆိုးကြည့်လိုက်တော့ ကိုယ်နဲ့ လုံးဝ မလိုက်တဲ့ အရောင်ကြီးဖြစ်နေတယ်"လို့
သူ့ အတွေ့အကြုံထဲက တစ်ခုကို မကလျာမိုးက ရင်ဖွင့်ပါတယ်။

"မလိုက်တော့ ချောင်ထိုးထားလိုက်ရတော့ ပိုက်ဆံ တစ်သောင်းကျော် ဒီအတိုင်းအလကားဖြစ်
သွားတာပဲ အဖတ်တင်တယ်။ အဆင်မပြေပါ များလာတော့ ဒီမှာ ဘာပစ္စည်းမှ ၀ယ်မသုံးချင်တော့
ဘူး"လို့လည်း အကျိုးမရဘဲ ကုန်သွားရတဲ့ ပိုက်ဆံအတွက် ခုချိန်ထိ စိတ်မကောင်းဖြစ်နေသေးပုံ
ရတဲ့ လေသံနဲ့ ထပ်ပြောလိုက်ပြန်ပါတယ်။

Yves Rocher တံဆိပ်အလှကုန်ရဲ့ Country Manager ဖြစ်တဲ့ မအက်စ်သာ နှင်းရည်က
မကလျာမိုးရဲ့ အတွေ့အကြုံကို စာနာပြီး မသိသေးတဲ့ မိတ်ကပ်အမျိုးအစားကို ဈေးဝယ်နဲ့
ရင်းနှီးအောင် အရင်မိတ်ဆက်ပြီးမှ ဈေးရောင်းရတာ ပိုအဆင်ပြေတာမို့ အလှကုန်ရောင်းရမှာ
tester က အရေးပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့အလှကုန်ကောင်တာတွေမှာ လိုအပ်တဲ့ tester တွေကို ပြည့်စုံအောင်ထားပေးထား
ပါတယ်လို့လည်း ဆိုပါတယ်။

"Tester က ကုမ္ပဏီဘက်ကပဲ ၀ယ်ရတာပါ။ ဒါပေမဲ့ တချို့ကုမ္ပဏီတွေက ဒါကို အကုန်အကျလို့
ထင်ကြတယ်။ ဈေးဝယ်သူတွေဘက်ကလည်း ကိုယ်မသိသေးတဲ့ ထုတ်ကုန်ကို ဘယ်လို
ယုံကြည်ပြီး သုံးရမလဲပေါ့။ ဒါကြောင့် tester ဟာ ကောင်တာတိုင်းလိုလိုမှာ ရှိသင့်ပါတယ်။
ဝန်ထမ်းတွေဘက်ကလည်း ဒီပစ္စည်းတွေဟာ ဈေးဝယ်သူအတွက်ဆိုတာ သိပြီး စည်းကမ်းရှိဖို့
လိုအပ်တယ်"လို့ မအက်စ်သာက ဆိုပါတယ်။

မြန်မာပြည်ရဲ့ အလှကုန်ရောင်းချမှုစနစ် ကို မကလျာမိုး တစ်ယောက်တည်း စိတ်အနှောင့်အယှက်
ဖြစ်ရတာတော့ မဟုတ်ပါဘူး။ တခြားသူတွေမှာလည်း သူတို့ကြုံရတဲ့ပြဿနာတွေ
ကိုယ်စီရှိနေကြပါတယ်။
"ကျွန်တော်က မျက်နှာသစ်ဆပ်ပြာနဲ့ ခရင်မ်တစ်ခုခု ၀ယ်ချင်တယ်ဆိုပါတော့။ ရောင်းတဲ့
ကောင်မလေးက အတင်းကို သုံးမျိုး ပြည့်အောင် ယူလိုက်ပါ။ တိုနာထပ်ယူမှ အဆင်ပြေမယ်။
ဘယ်လောက်ဖိုးပြည့်မှ ဘာထပ်ရမယ်ဆိုပြီး ဇွတ်ပြောတော့တာ။ ကျွန်တော့်မှာ
သူထပ်ပြောနေတာတွေလည်း ရှိနေပါတယ်။ မလိုသေးလို့ပါလို့ ရှင်းပြချိန်တောင်
မရအောင်ဆိုတော့ ခုနက ယူထားပြီးသားတွေပါ ထားခဲ့လိုက်ချင်တော့တယ်။ သူ ပြောတဲ့အတိုင်း
ထပ်မယူရင်ကို မရတဲ့ အနေအထားဆိုတော့လေ"လို့ သူအမြဲကြုံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်
ဖြစ်စရာ တစ်ခုကို Web Developer တစ်ဦးဖြစ်တဲ့ ကိုကျော်ဇေယျက ပြောပြပါတယ်။

ဝတ်စုံလှလှလေးတွေဝတ်ပြီး လှလှပပခြယ်သပြင်ဆင်ထားကြတဲ့ အလှကုန်ဝန်ထမ်း
အမျိုးသမီးလေးတွေဟာ သူ့ကောင်တာရှေ့ ကိုရောက်လာတဲ့ ဈေးဝယ်သူတွေကို ရောင်းချတဲ့
ပစ္စည်းတွေအကြောင်း ရှင်းလင်းပြောပြဖို့ စိတ်အားထက်သန်ကြပါတယ်။

ဒီအချက်ဟာ ဈေးဝယ်သူတွေအတွက် ကောင်းတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း
တစ်လအတွင်းမှာ ပြည့်မီရမယ်ဆိုတဲ့ စံချိန်တွေ၊ ကပ်လျက်အရောင်းကောင်တာ အချင်းချင်း
ပြိုင်ဆိုင်မှုတွေကြောင့် တစ်ခါတလေမှာ ဈေးဝယ်သူတွေကို အကြံကောင်းပေးရာ မရောက်ဘဲ
စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

အလှကုန်အရောင်းဝန်ထမ်းတွေဟာ မျက်နှာထားကအစ ချစ်စရာကောင်းပြီး စကားပြောကောင်း
နေရတာလောက်နဲ့ မလုံလောက်သေးဘဲ ကိုယ်ရောင်းချတဲ့ ပစ္စည်းအကြောင်းကို သေသေချာချာ
သိထားဖို့ လိုအပ်သလို ရောင်းရပြီးရောမဟုတ်ဘဲ ကိုယ့်ပစ္စည်းနဲ့ သင့်တော်တဲ့ ၀ယ်သူကိုပဲ
ရောင်းချ ပေးသင့်တယ်လို့လည်း သူ့အမြင်ကို ကိုကျော်ဇေယျက ပြောပြပါတယ်။

"ကိုယ်ရောင်းရမယ့် အလှကုန်ပစ္စည်းတွေကို စိတ်ဝင်တစား လေ့လာထားသင့်တယ်။ တချို့က
ကိုယ်ဘာရောင်းနေတယ်ဆိုတာတောင် သိပ်စိတ်မ၀င်စားတော့ဘဲ ရောင်းရဖို့က အဓိက
ဖြစ်နေတော့ သိပ်လည်း မရှင်းပြနိုင်တော့ဘူးလေ။ ကိုယ်က အယ်လ်ကိုဟော မတည့်လို့
ဒါနဲ့အဆင်မပြေပါဘူးလို့ ပြောတာကို အယ်ကိုဟောလ်ပါနေတဲ့ ပစ္စည်းကိုပဲ ထုတ်ပြတယ်။
ပြီးတော့ ရှင်းပြတာနဲ့ ပစ္စည်းအကြောင်းအမှန်က တခြားစီပဲ။ ဒီတော့ အဲဒီ အလှကုန်ဘူးကို
ပြောင်းပြန်လှန်ပြီး၊ ရေးထားတဲ့စာတွေ ဖတ်ပြလိုက်မှ ငြိမ်သွားတာ"လို့ ကိုကျော်ဇေယျက
စိတ်ပျက်စွာနဲ့ ပြောပါတယ်။

ကိုကျော်ဇေယျလိုပဲ အလားတူပြဿနာ မျိုးကြုံရဖူးတဲ့ မကလျာမိုးက အဆင်မပြေတာ
တွေ ကြုံရဖန်များလာတဲ့အခါ ဈေးဝယ်ရမှာ စိတ်ပျက်လာပြီး ခုဆိုရင် မဖြစ်မနေလိုအပ်တာက
လွဲလို့ ဘယ်လိုအလှကုန်ပစ္စည်းမှ မ၀ယ်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

"စိတ်ကိုမ၀င်စားတော့တာ။ ၀ယ်လိုက်ရင် တစ်ခုခုလွဲမှာကို သိနေတော့ အမိုက်ခံပြီး ဘာမှကို
မ၀ယ်ချင်တော့ဘူး"လို့ ပြတ်သားတဲ့ သူ့ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။

ဒီလိုဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာပြော နိုင်တာကလည်း မကလျာမိုးဟာ ပြည်ပနိုင်ငံတွေဆီ
ခရီးမကြာခဏ ထွက်ဖြစ်တဲ့သူဖြစ်ပြီး အဲဒီနိုင်ငံတွေဆီမှာ လိုချင်တဲ့ အလှကုန်ပစ္စည်းတွေကို
အဆင်ပြေပြေနဲ့ ၀ယ်ယူလို့ရနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဘက်ကာလ ဆယ်စုနှစ်အတွင်းမှာ မြန်မာလူမျိုးတွေဟာ ပြည်ပခရီးတွေအထွက်များလာကြတာ
နဲ့အမျှ အိမ်နီးနားချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံ တို့ဟာလည်း ငွေကြေး
တတ်နိုင်သူတွေအတွက် အဆင်ပြေလွယ်ကူတဲ့ ဈေးဝယ်ထွက်ရာ နေရာတွေ ဖြစ်လာကြပါတော့
တယ်။

"စင်ကာပူမှာ ကျောင်းတက်ခဲ့တော့ အဲဒီက အလှကုန်ကောင်တာတွေနဲ့ ဒီက ကောင်တာတွေနဲ့
တော်တော်ကွာမှန်း သတိထားမိတယ်။ ဟိုမှာ မိတ်ကပ်ကို အဓိကထား ရောင်းတယ်ဆိုရင်
မိတ်ကပ်ကောင်တာက အရောင်းဝန်ထမ်းတွေက ကိုယ့်အသားအရေကိုကြည့်ပြီး ဘယ်ပစ္စည်းနဲ့
အဆင်ပြေနိုင်တယ်၊ ဘာကို ဘယ်အချိန်မှာပဲ သုံးရမယ်ဆိုတာ သေချာ အကြံပေးနိုင်တယ်။
တကယ်လည်းကောင်းတယ်"လို့ ရန်ကုန်က အလှကုန်အရောင်းကောင်တာတွေကို
သိပ်ဘ၀င်မကျတဲ့ မငယ်ငယ်က ပြောပါတယ်။

မြန်မာတိုင်း(မ်)

0 comments:

Post a Comment