မြေယာဥပဒေအားနည်းနေမှုကို ပြင်ဆင်ရန်နှင့် အထပ်မြင့် အဆောက်အအုံများ မည်သည့်မြေမျိုးတွင် ဆောက်လုပ်ခွင့်ပြုမည်ကို တိကျသေချာသည့် ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ရေး ပြည်သူများ ပူးပေါင်းပါဝင်ရေးဆွဲနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေသည်။
ပုဂ္ဂလိကပိုင်မြေဖြစ်သည့် ဂရန်မြေ၊ ဘိုးဘွားပိုင်မြေတို့တွင်သာ အထပ်မြင့်တည်ဆောက်ရန် ခွင့်ပြုထားရာမှ အခြားမြေအမျိုးအစားများတွင်ပါ တည်ဆောက်နိုင်ရေးအတွက် စီစဉ်ခြင်းဖြစ်သည်။
ယခုနှစ်မှ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့လူဦးရေမှာ ရှစ်သန်းကျော် ရှိလာသဖြင့် ကျောတစ်ခင်းစာအတွက် အခက်အခဲပြဿနာများ နေ့စဉ်ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ယခင်က ရန်ကုန်မြို့ပြင်ဟု သတ်မှတ်ထားသည့် မြို့နယ်များမှာပင် အထပ်မြင့်အဆောက်အအုံများ ဆက်တိုက် တည်ဆောက်လာနေသည်။
ယခုကဲ့သို့ အထပ်မြင့် အဆောက်အအုံများစွာ အဆက်မပြတ် တည်ဆောက်လာသော်လည်း အစိုးရ၏ မြေယာမူဝါဒ အပြောင်းအလဲနှေးကွေးမှုကြောင့် တိုးမြင့်လာသော အဆောက်အအုံများမှာ တရားမ၀င်များ ဖြစ်လာသည်။
ယင်းအဆောက်အအုံများသည် အစီအစဉ်တကျ တည်ဆောက်ထားခြင်း မဟုတ်သော်လည်း မြေရှင်နှင့် ကန်ထရိုက်၏ နားလည်မှုဖြင့်သာ အဆင်ပြေနေကြကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြားကြသည်။
အထပ်မြင့်အဆောက်အအုံများကို ဘိုးဘွားပိုင်မြေနှင့် ဂရန်မြေအမျိုးအစားများတွင်သာ လက်ရှိအချိန်အထိ ခွင့်ပြုထားပြီး ကျန်မြေအမျိုးအစားများဖြစ်သော လယ်ယာမြေ၊ ဥယျာဉ်ခြံမြေတို့တွင် တည်ဆောက်ခွင့်ပေးမထားပေ။ သို့သော် မြေယာမူဝါဒမှာ စည်ပင်၏ လက်ထဲတွင်သာရှိသဖြင့် မည်သည့်မြေအမျိုးအစားတွင်မဆို အထပ်မြင့်များ တည်ဆောက်နေသည်ကို တွေ့နေရသည်။
ရန်ကုန်မြို့တွင် လက်ရှိအချိန်အထိ တရားမ၀င် တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံ အလုံး ၁၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခြင်းမရှိဟု ဌာနက ထုတ်ပြန်ထားသည်။ ယင်းအဆောက်အအုံများသည် စည်ပင်သာယာသို့ ဒဏ်ကြေးများ ပေးဆောင်၍ ဆောက်လုပ်ကြသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မကြာခဏပြောကြားလေ့ရှိသည်။
ယင်းကဲ့သို့ လျော့ကျသွားမှုမရှိခြင်းက ရန်ကုန်မြို့တွင် အထပ်မြင့်ဆောက်လုပ်ရန် သတ်မှတ်ထားသည့် မြေယာနည်းပါးလာခြင်းကို ပေါ်လွင်လာပြီ ဖြစ်သည်။ ဈေးကွက်တောင်းဆိုမှုအရ အထပ်မြင့်အဆောက်အအုံများကို မြို့နယ်တိုင်းတွင် ဆောက်လုပ်လာကြသည်။
သို့သော် ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်နိုင်သည့် မြေပမာဏနည်းပါးနေပြီး ဥယျာဉ်ခြံမြေများမှာ ပိုများနေသည်။ အထူးသဖြင့် ရန်ကုန်မြို့ပြင် မြို့နယ်များ ဖြစ်သော မရမ်းကုန်း၊ အင်းစိန်၊ သင်္ဃန်းကျွန်းစသည့် မြို့နယ်များတွင် ဥယျာဉ်ခြံမြေများမှ ပိုများလျက်ရှိသည်။
အဆိုပါမြို့နယ်များတွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပါက တရားဝင်မဟုတ်ဘဲ မြို့တော်စည်ပင်က နှစ်စဉ်အရေးယူလျက်ရှိသည်။ ယင်းကြောင့် မြို့တွင်းပိုင်း မြို့နယ်များတွင်လည်း ဥယျာဉ်ခြံမြေများ မရှိသင့်တော့ကြောင့် ပညာရှင်များက အကြံပြုပြောဆိုကြသည်။
ရန်ကုန်မြို့အ၀န်းအ၀ိုင်းသည် နေ့စဉ်ချဲ့ထွင်လာသည့်အတွက် မြေယာမူဝါနှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်ပေးသင့်ကြောင်း မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ဦးမြင့်ဆွေက ပြောသည်။
‘‘မြေရှားပြီး အိမ်ရာလိုအပ်ချက်တွေ များနေတော့ မြေယာစီမံခန့်ခွဲမှုကို စနစ်တကျလုပ်ဖို့လိုပြီ’’ဟု ၎င်းကဆိုသည်။
ဘိုးဘွားပိုင်မြေတွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြုထားသော်လည်း ဘိုးဘွားပိုင်မြေအများစုရှိသော ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့် ရွှေတောင်ကြား၊ အင်းလျားမြိုင်၊ သံလွင်လမ်း၊ အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေ၀မ်းလမ်းတို့တွင် အထပ်မြင့်အဆောက်အအုံများကို တည်ဆောက်ခွင့်မပေးထားပေ။
‘‘ဥယျာဉ်ခြံမြေတွေက ဂရန်မြေဖြစ်ဖို့ဆိုရင် တစ်နှစ်နဲ့ရှစ်လ လောက်လျှောက်ရတယ်။ အဲဒါက ကြာနေတယ်’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ပြောင်းလဲရန် ကြာမြင့်နေမှုကြောင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် တရားမ၀င်တည်ဆောက်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့ကဲ့သို့ကိစ္စများ ဖြေလျှော့စေရန်အတွက် မြို့ရွာနှင့် အိုးအိမ်စည်ပင်နှင့် မြို့ပြပညာရှင်များ ပူးပေါင်းပါဝင်ပြီး မြို့ပြ၏ မြေယာကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်ရန် မြို့ပြမြေအသုံးချဇုန်ကို ရေးဆွဲထားပြီး အပြီးသတ်ရန်အတွက် လူထု၏ သဘောဆန္ဒကိုသာ ကောက်ယူရန်ကျန်ရှိတော့သည်။
အဆိုပါဇုန်တွင် ကန့်သတ်နေရာများမှလွဲပြီး မြို့နယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းတွင် အထပ်မြင့်အဆောက်အအုံများဆောက်လုပ်ရန် သတ်မှတ်ပေးထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်ကဆိုသည်။
ထို့ကြောင့် ယင်း ၇၀ ရာခိုင်နှုန်းတွင် မည်သည့်မြေအမျိုးအစားမဆို ပိုင်ဆိုင်မှုမှန်ကန်ပါက အထပ်မြင့်အဆောက်အအုံ တည်ဆောက်နိုင်မည်ဖြစ်သည်။
‘‘အခုသုံးနေတဲ့ မြေယာဥပဒေက အားနည်းနေတယ်။ ဒါကိုပဲ ပြင်ပေးရမှာ အခုရေးဆွဲနေတဲ့ ဇုန်ဥပဒေမှာ ဒါတွေပါမယ်လို့တော့ သိထားရတယ်’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။
အထူးသဖြင့် မြို့တွင်း၌ စုပြုံတိုးဝှေ့တည်ဆောက်နေခြင်းထက် မြို့ပြင်ဧရိယာများတွင် ပိုမိုတည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တွန်းအားပေးလာနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်ပေါ်လာနိုင်ကြောင်း ဦးရန်ဝင်းက ဆိုသည်။
ရန်ကုန်မြို့တွင် နှစ်စဉ်တိုးတက်လာသည့် လူဦးရေကြောင့် လူနေတိုက်ခန်းများ တစ်နှစ်လျှင်သုံးသိန်းကျော်ခန့် လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးကလည်း ပြောကြားဖူးသည်။ သို့သော် ပုဂ္ဂလိကကဏ္ဍမှ ဆောက်လုပ်နိုင်သည့် ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။
မြေတန်ဖိုး တစ်နေ့တခြား ကြီးမြင့်လာခြင်း၊ မြို့ကွက်ဧရိယာ ချဲ့ထွင်မှုနှေးကွေးခြင်း၊ လူဦးရေတိုးတက်မှုမြန်ဆန်ခြင်းတို့ကြောင့် မြို့အနီးအနားတစ်ဝိုက်ရှိ လယ်မြေများကိုပါ ငွေကြေးတတ်နိုင်သူများက ၀ယ်ယူရင်းနှီးမြှုပ်နှံလာကြသည်။ မြေရှားပါးမှုကို အခွင့်ကောင်းယူ၍ မြေကို ကုန်ပစ္စည်းသဖွယ် ဈေးကစားချင်သူများကြောင့် မြေဈေးများမှာ လွန်စွာမြင့်မားလာခဲ့သည်။
ထို့ကြောင့် ရန်ကုန်မြို့ပြင် မြို့နယ်တချို့ရှိ လယ်ယာမြေများကို အိမ်ရာကွက်များရိုက်၍ ရောင်းစားမှုများလည်း ရှိနေသည်။
လယ်ယာမြေများကို လူနေအိမ်များ၊ စက်သုံးဆီဆိုင်များ၊ စီးပွားရေးနှင့်ဆိုင်သော အဆောက်အအုံများ တည်ဆောက်မှုများစွာ ရှိလာသည်။ လယ်ယာမြေဥပဒေတွင် လယ်ယာမြေကို အခြားသောနည်းလမ်းဖြင့် အသုံးပြုခွင့်မရှိပေ။ သို့သော် ဒေသအာဏာပိုင်အစိုးရနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ မြေရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး လက်တစ်လုံးခြား ပြုလုပ်၍ လယ်ယာမြေများကို အရောင်းအ၀ယ်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။
ယင်းကဲ့သို့ ရန်ကုန်မြို့ပြ မြေယာဥပဒေ အားနည်းမှုက အဆောက်အအုံတည်ဆောက်သည့် ကန်ထရိုက်များအတွက် တရားမ၀င် တည်ဆောက်မှုများကို ပိုမိုဖြစ်စေလာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
7 Day Daily
0 comments:
Post a Comment