Thursday, March 6, 2014

ဂျရတ်နှင့် ဂျာစီလဲလှယ်ရေးသည် Missionတစ်ခု ဖြစ်လာကြောင်း ကာဂျာ ဖွင့်ဟ

လိုင်လီအသင်းတွင် ကစားနေသည့် အသက်(၂၄)နှစ်အရွယ် ကစားသမားက ၎င်း၏ မိသားစုသည် အင်္ဂလန်နှင့် လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်နှင့် မဖြစ်မနေ ဂျာစီချင်း လဲလှယ်ယူလာရန် ဖိအားပေး မှာကြားခဲ့ကြောင်း ဆိုသည်

ဒိန်းမတ်လက်ရွေးစင် ခံစစ်မှူး ဆိုင်မွန်ကာဂျာက မိမိအနေဖြင့် အင်္ဂလန်နှင့် ကစားမည့် ခြေစမ်းပွဲ အပြီးတွင် အင်္ဂလန် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ ဂျာစီကို ရယူနိုင်ရေးအတွက် တာဝန်ကြီးတစ်ရပ်ကို လက်ခံထားရကြောင်း ပြောကြားခဲ့သည်။ လိုင်လီအသင်းတွင် ကစားနေသည့် အသက်(၂၄)နှစ်အရွယ် ကစားသမားက ၎င်း၏ မိသားစုသည် အင်္ဂလန်နှင့် လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်နှင့် မဖြစ်မနေ ဂျာစီချင်း လဲလှယ်ယူလာရန် ဖိအားပေး မှာကြားခဲ့ကြောင်း ဆိုသည်။ ဗုဒ္ဓဟူးနေ့ညတွင် အဆိုပါနှစ်သင်း အင်္ဂလန်၌ ခြေစမ်းမည်ဖြစ်ရာ ကာဂျာ၏ လီဗာပူးလ်ပရိသတ် မိသားစုဝင်များက ဂျရတ်၏
ဂျာစီကို အရယူလာရန် ၎င်းကို ဝိုင်းဝန်းမှာကြားခဲ့ကြခြင်း ဖြစ်သည်။

ကာဂျာက “ကျွန်တော့်အဖေရော၊ တခြားမိသားစုဝင်တွေရောက လီဗာပူးလ်ရဲ့ တကယ့်အမာခံ ပရိသတ်တွေလေ”ဟု ရှင်းပြခဲ့သည်။ ၎င်းက “ဒီတော့ အင်္ဂလန်နဲ့ပွဲမှာ ကျွန်တော်ဟာ ဒိန်းမတ်အတွက် ကစားပေးဖို့အပြင် တခြား Mission အကြီးကြီး တစ်ခုကိုပါ တာဝန်ယူလာရတယ်။ ကျွန်တော့်အဖေက ပွဲပြီးရင် ဂျရတ်ဆီက ဂျာစီကို ရအောင်တောင်းယူလာပေးဖို့ ကျွန်တော့်ကို နားပူနားဆာ လုပ်ထားတယ်။ ကျွန်တော့် ဘဝမှာတော့ တခြားကစားသမား တစ်ယောက်ကို ဂျာစီလဲဖို့ အသေအလဲ အောက်ကျို့ပြီး ပြောရမယ့် ပထမဆုံး အကြိမ်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက တကယ့်ကို ရှက်စရာ ဖြစ်နေသလိုမျိုး တွေးမိတယ်”ဟု ဝန်ခံခဲ့သည်။

၎င်းက ဂျရတ်၏ ခေါင်းဆောင်ကောင်း ပီသမှုများကြောင့် အမှန်တကယ် လေးစားထိုက်သူ တစ်ဦးဟူ၍မူ ချီးကျူးခဲ့သည်။ “ဂျရတ်ဟာ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ ဝိသေသတွေနဲ့ ဘောလုံးသမား တစ်ယောက်ပါ။ သူလိုလူမျိုးဟာ ဘောလုံးကမ္ဘာ တစ်ခုလုံးရဲ့ လေးစားကြည်ညိုမှုနဲ့ ထိုက်တန်ပါတယ်”ဟု ကာဂျာက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment