Thursday, March 6, 2014

ပုဇွန်တောင်မြို့နယ်အတွင်း ပထမထပ်၌ နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ်လှန်းနေစဉ် ဦးခေါင်းစိုက် ပြုတ်ကျသေဆုံး

ပုဇွန်တောင်မြို့နယ်၌ ပထမထပ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အ၀တ်လှန်းနေစဉ် ပြုတ်ကျသေဆုံးမှု မတ် ၅ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်နေ မရွှေစင်ဦး (၂၃) နှစ်သည် မိဘနှစ်ဦး ဆေးခန်းသွားနေချိန် ညီမဖြစ်သူနှင့် အတူရှိနေစဉ် ပထမထပ်ရှိ နေအိမ်ဝရန်တာမှ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မြင့်အေးက “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး
ကနဦးစစ်ဆေးချက်အရ အဲ့ဒီကောင်မလေးက အ၀တ်လှန်းနေရင်းနဲ့ ပြုတ်ကျတယ်လို့ သိရတယ်။ ပြုတ်ကျတဲ့ အခါမှာလည်း ဦးခေါင်းစိုက်ပြီးတော့ ပြုတ်ကျခဲ့လို့ ဦးခေါင်းပိုင်းထိခိုက်ပြီး သေဆုံးခဲ့တာပါ။ အတိအကျတော့ ဆေးစာထွက်ပြီးမှ သိရပါမယ်” ဟု မတ် ၅ ရက် ညနေ ၅ နာရီခန့်က ပြောကြားသည်။

ထိုသို့ပြုတ်ကျ၍ မရွှေစင်ဦးတွင် ၀ဲချိုစောင်းစုတ်ပြဲ၊ ယာချိုစောင်း ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီး၏ မိသားစုဝင်တစ်ဦးက “ကျွန်မတို့လည်း ဒီသတင်းကြားလို့ ဒီနေ့မှ နယ်ကရောက်လာတာပါ။ အခု သူရဲ့မိဘနှစ်ပါးလုံး စိတ်မကောင်းဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ တခြားအကြောင်းအရာတွေ သေချာမသိသေးပါဘူး” ဟု မတ် ၅ ရက် ညနေပိုင်းက ပြောကြားသည်။

Eleven

0 comments:

Post a Comment