Wednesday, March 5, 2014

လီယိုနာဒို အော်စကာဆုမရသည့်ကိစ္စ ဟောလီးဝုဒ်တွင် လူပြောများနေ

လီယိုနာဒို၏ ပရိသတ် အများအပြားက အရည်အချင်း ရှိသော်လည်း အော်စကာဆု မရနိုင်ဘဲ ဆက်တိုက် လွဲချော်နေသည့် မင်းသားအတွက် မခံမရပ်နိုင်ဖြစ်ကာ Twitterတွင် ဝေဖန် မှုများ ပြုလုပ်ခဲ့ကြသည်

အော်စကာ ဆုနှင်းသဘင်တွင် လီယိုနာဒို ဒစ်ကာပရီယို အကောင်းဆုံး မင်းသားဆုနှင့် လွဲချော်သွားသည့်နောက် ယင်းဖြစ်ရပ်သည် ဟောလီးဝုဒ်တွင် လူပြောအများဆုံး ကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။ လီယိုနာဒို၏ ပရိသတ် အများအပြားက အရည်အချင်း ရှိသော်လည်း အော်စကာဆု မရနိုင်ဘဲ ဆက်တိုက် လွဲချော်နေသည့် မင်းသားအတွက် မခံမရပ်နိုင်ဖြစ်ကာ
Twitterတွင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် Twitterတွင် GiveLeoAnOscarနှင့် PoorLeoဆိုသော အကြောင်းအရာများဖြင့် ရေးသားမှုသည် အများပြားဆုံး အမြင်ဖလှယ်ရာ ခေါင်းစဉ်များ ဖြစ်လာကြသည်။

(လီယိုနာဒို အော်စကာဆုနှင့်လွဲချော်မှုကို သရော်ထားသည့်ပုံ)
အသက်(၃၉)နှစ်ရှိ လီယိုနာဒိုသည် The Wolf of Wall Street ဇာတ်ကားဖြင့် အော်စကာဆုအတွက် တစ်ပြေးခဲ့သော်လည်း လက်တွေ့တွင်မူ Dallas Buyers Clubမှ မက်သရူး မက်ကွန်နက်ဟေးကသာ ဆုရသွားခဲ့သည်။ လီယိုနာဒို အော်စကာဆု မရရှိခဲ့သည်နှင့် ပတ်သက်ပြီး Social Mediaများတွင် နောက်ပြောင်ထားသည့် ပုံများလည်း ပျံ့နှံ့လာသည်။ ပြီးခဲ့သည့်နှစ်က အော်စကာ ဆုနှင်းသဘင်တွင် ဂျနီဖာလောရင့်စ်နှင့် အန်းဟက်သာဝေးတို့ ဆုလက်ခံယူပြီး ဟက်ဟက်ပက်ပက် ရယ်မောနေပုံတွင် “စိတ်မပူပါနဲ့ လီယိုရယ်၊ နောက်တစ်ခါဆိုရင်တော့ မင်းဆုရပါလိမ့်မယ်လို့ သူတို့တွေ ပြောနေကြတာပဲ”ဆိုသော စာတန်းကို ပုံညွှန်းစာ တပ်ထားပြီး မျှဝေကြသည်။

(လီယိုနာဒိုနှင့် မိခင်ဖြစ်သူအား အော်စကာဆုပေးပွဲတွင် တွေ့ရစဉ်)
လီယိုနာဒိုက အော်စကာဆုကို လုပြေးနေပုံ ဓာတ်ပုံဖြတ်ညှပ်ကပ်များကိုလည်း တွေ့ရသေးသည်။ လီယိုနာဒို အနေဖြင့် အော်စကာ ဆန်ခါတင် စာရင်းတွင် (၄)ကြိမ်မြောက် ပါဝင်ပြီး (၄)ကြိမ်လုံး လွဲခဲ့ရခြင်း ဖြစ်သည်။ ဆုပေးပွဲတွင် လီယိုနာဒိုအား The Wolf of Wall Street ဒါရိုက်တာ မာတင် စကော်ဆီဆီက သွားရောက် နှစ်သိမ့်နှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရသည်။ ၎င်းတို့(၂)ဦးသည် ဘဝတူများ ဖြစ်ကြပြီး စကော်ဆီဆီသည်လည်း ဒါရိုက်တာအဖြစ် အော်စကာဆုရရန် (၇)ကြိမ်မြောက် ဆန်ခါတင်အဆင့်ဝင်ပြီး လွဲချော်သွားခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment