Wednesday, March 5, 2014

နိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ရလဒ်ကို ဒေသအစိုးရများ အကောင်အထည်ဖော်မည်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျှက်ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်များက တိုင်းအစိုးရသို့ ပွင့်လင်းစွာ တိုက်ရိုက်ပြောနိုင်သည့် အတွက် ထိရောက်သည့် ဆွေးနွေးပွဲ ဖြစ်သည်ဟု တင်္နလာရီတိုင်း ကိုယ်စားပြု တက်ရောက်သူ ကိုဥက္ကာက မဇ္ဈိမကို ပြောသည်။ 

အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်နှင့် တိုင်းအသီးသီမှ လူငယ် ၆၀၀ ခန့် တက်ရောက်ပြီး ဒေသတွင်း ဖြစ်ပျက်လျက်ရှိသည့် လူငယ်ရေးရာများကို အများဆုံး ဆွေးနွေးကာ ရလာဘ်များကို ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်သည်ဟု ဆိုသည်။ 

“လူငယ်နဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိက ဆွေးနွေးတယ်။ ဒါ့အပြင် ဒေသတွင်းမှာဖြစ်နေတဲ့ ကိစ္စကိုလည်း တိုင်းဒေသကြီး အစိုးရဆီကို တိုက်ရိုက်ပြောလို့ရတဲ့အတွက် ဒေသတွင်းပြဿနာတွေက အထိုက်အလျောက် ပြေလည်သွားမယ်လို့ ထင်ပါတယ်” ဟု ကိုဥက္ကာက ပြောသည်။

ဆွေးနွေးပွဲမှ ရလဒ်များကိုလည်း တိုင်းအစိုးရများက ပြန်လည် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟုလည်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စစ်ကိုင်းတိုင်းဒေသ လူငယ်ကိုယ်စားပြု ကလေး-ကဘော်လွင်ပြင်ဒေသ စောင့်ကြည့်ရေးအဖွဲ့မှ ကိုကျော်သက်ဝင်းက ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲမှ တစ်ဆင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ကိုယ်စားပြုလူငယ် ငါးဦးစီ ရွေးချယ်သွားမည်ဖြစ်ပြီး မတ်လ ၁၈ ရက် ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် အာဆီယံ လူငယ်ညီလာခံတွင် အဆိုပါ ကိုယ်စားပြု လူငယ်များမှ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရွေးချယ်သွားမည် ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment