ပြည်တွင်းရှိ DVB သတင်းဌာနမှ နိုင်ငံခြားသူ သတင်းထောက်တစ်ဦးကို
ဗဟန်းမြို့နယ်တွင် အမည်မသိ အမျိုးသားတစ်ဦးက ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီခွဲ၌
ဓားဖြင့်ထောက်ကာ ပစ္စည်းများလုယက်မှု ပြုလုပ်ခဲ့ကြောင်း လုယက်ခံရသည့်
သတင်းထောက်ထံမှ သိရသည်။
ယင်းသို့ လုယက်ခံရသူမှာ ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီခွဲတွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ဗဟန်းဈေးအနီးတွင် အမျိုးသမီး သူငယ်ချင်းနှင့်အတူ လမ်းလျှောက်ထွက်စဉ် စက်ဘီးစီးလာသည့် အမည်မသိ အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်ကာ လုယက်ခြင်းဖြစ်ပြီး ယင်းသို့ပစ္စည်းလုယက်ခံရသည့် ဖြစ်စဉ်ကို ဗဟန်းမြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း သိရသည်။
“ရွှေတိဂုံဘုရားနားမှာ မနေ့ည ၉ နာရီခွဲက သူငယ်ချင်းဖြစ်သူနဲ့အတူ လမ်းလျှောက်ထွက်တယ်။ လမ်းလျှောက်တုန်း စက်ဘီးစီးလာတဲ့ အသားမည်းမည်းပိန်ပိန် ကျွန်မထက် အရပ်နည်းနည်းပု အမျိုးသားတစ်ဦးက အရင်ဆုံး ကျွန်မကိုလှမ်းပုတ်တယ်။ ပြီးတော့ စက်ဘီးနဲ့ ပြန်လှည့်လာပြီး ကျွန်မလက်မောင်းကို တင်းတင်းကျပ်ကျပ်ဆွဲတယ်။ ကျွန်မကထွက်သွား၊ ထွက်သွားမလုပ်နဲ့လို့ ပြောတယ်။ နောက်တော့သူက ခါးကြားထဲက ဓားကိုထုတ်တယ်။ အဲဒီအခါကျတော့ ကျွန်မနဲ့အတူပါတဲ့ အဖော်မိန်းကလေးက ထွက်ပြေးသွားတယ်။ အဲဒီနောက် သူကကျွန်မအိတ်ကို ဆွဲယူပြီး စက်ဘီးနဲ့အတူ ထွက်ပြေးသွားတယ်။ ဒီဖြစ်စဉ်ကို ကျွန်မသူငယ်ချင်း တစ်ယောက်ရယ်၊ ဘာသာပြန် မြန်မာသူငယ်ချင်း တစ်ယောက်ရယ် ဗဟန်းရဲစခန်းကို သွားတိုင်ကြားခဲ့ပါတယ်။ ကျွန်မတိုင်ကြားတာကို ရဲတွေက မှတ်သားပြီး ဆိုင်ကယ်သုံးစီးနဲ့ ထွက်ပြီးရှာတယ်။ အခုချိန်ထိတော့ ရဲစခန်းက တစ်စုံတစ်ရာ ကျွန်မကို ပြန်အကြောင်းမကြားသေးဘူး။ ကျွန်မအနေနဲ့ နိုင်ငံခြား တော်တော်များများမှာ နေခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံက အင်္ဂလန်မှာ နေရတာထက်ပိုပြီး လုံခြုံစိတ်ချမှုရှိတယ်လို့ ထင်တဲ့အတွက်လည်း အဲဒီအချိန် လမ်းလျှောက်သွားတာပါ” ဟု လုယက်ခံရသည့် DVB သတင်းထောက် Mrs. ALE-XAN DRA FOWLE က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ထိုသို့ လုယက်ခံရသည့် ပစ္စည်းများမှာ ဆင်းမ်ကတ်ပါ iphone ဟန်းဆက်တစ်လုံး၊ အမေရိကန်ဒေါ်လာ ၁ဝဝ၊ မြန်မာငွေကျပ် တစ်သိန်း၊ အမေရိကန်ဒေါ်လာ တစ်သိန်းတန် လည်ဆွဲနှင့် စလင်းဘတ်အိတ်တစ်ခုတို့ဖြစ်ကြောင်း သိရသည်။
လုယက်ခံရသည့် Mrs. ALEXAN DRA FOWLE မှာ စကော့တလန်နိုင်ငံသူ တစ်ဦးဖြစ်ကာ လန်ဒန်မှ မြန်မာနိုင်ငံသို့ DVB သတင်းဌာနတွင် သတင်းထောက်အဖြစ်လည်းကောင်း၊ သတင်းဌာန အခြားကဏ္ဍများတွင်လည်း ကူညီဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment