Thursday, February 6, 2014

ရခိုင်ရှိ လုံခြုံရေးရဲတပ်ဖွဲ့သုံး လက်နက်များ အရည်အသွေးညံ့၊ ကျည်မထွက်ဟုဆို

ရခိုင်ပြည်နယ် ပဋိပက္ခကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ထိန်းသိမ်းရာတွင် သေနတ် မိုးပေါ်ထောင် ပစ်ကာ ခြောက်လှန့်ခဲ့သော်လည်း ကျည်မထွက်ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် လက်နက်များမှာ အရည်အသွေးညံ့ဖျင်းနေသည်ကို ဒုချရားတန်း အလယ်ရွာ ပဋိပက္ခနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။

ဇန်န၀ါရီ ၁၃ ရက်က ရခိုင်ပြည်နယ် ဒုချရားတန်းကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကို ရည်ညွှန်းကာ ဦးစစ်မြိုင်က ဆိုခြင်းဖြစ်သည်။ “ရဲနဲ့ဘင်္ဂလီတို့ အခင်းဖြစ်တဲ့အချိန်မှာ လူစုခွဲဖို့ သေနတ်ကို ကျည်ထိုးပြီး မိုးပေါ်ထောင်ပစ်ခိုင်းတော့ ကျည်မထွက်ဘူး”ဟု ရဲမှူးချုပ်နှင့် ပြည်နယ်ဝန်ကြီးတစ်ဦးကို မေးမြန်းချက်ကို ကိုးကားကာ ဦးစစ်မြိုင်က ဆိုသည်။

ထိုအချက်နှင့်ပတ်သက်၍ အစီရင်ခံစာတွင် အရည်အသွေးမီလက်နက်များကို တပ်ဆင် အသုံးပြုရေးအတွက် နယ်မြေရဲတပ်ဖွဲ့၊ လုံခြုံရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများကိုလည်း အကြံပေးချက် ထည့်သွင်းထား သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချရားတန်းအလယ်ရွာတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် အတွင်းရေးမှူးပါ အဖွဲ့ဝင်လေးဦးတို့ ဇန်န ၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ စစ်တွေ၊ မောင်တောနှင့် ဒုချရားတန်းကျေးရွာများသို့ ငါးရက် ကြာ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးတွေ့ရှိချက်ကို စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတစ်စောင်အဖြစ် ကော်မရှင်ထံက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဖေဖော်ဝါရီ ၅ ရက်တွင် ပေးပို့မည်ဖြစ်သည်။

“ပြည်ထောင်စုအစိုးရဆီကို ပို့တာနဲ့တစ်ပြိုင်နက် ပြည်သူတွေဆီကိုလည်း ထုတ်ပြန်ပေးမှာပါ။ အစီရင်ခံ စာထဲမှာတော့ မြေပြင်မှာ တကယ်တွေ့ရှိခဲ့တာတွေကို တင်ပြမှာ။ အားလုံးပြောနေတဲ့ ဘင်္ဂါလီသေတယ် ဆိုတာရယ်၊ ရခိုင်သေတယ်ဆိုတာရယ်ကို မြေပြင်မှာ အတည်ပြုလို့မရဘူးဆိုတာ အစီရင်ခံစာမှာပါ တယ်”ဟု ဦးစစ်မြိုင်က ပြောသည်။

ယင်းအစီရင်ခံစာအတွက် ဒုချရားတန်းရှိ ဘင်္ဂါလီလူမျိုး ဘာသာရေးခေါင်းဆောင်များ အပါအ၀င် ဘင်္ဂါလီ ၂၀ ကျော်ကို တွေ့ဆုံမေးမြန်းခြင်း၊ ရခိုင်လူမျိုးများနှင့် အစိုးရမှ သက်ဆိုင်ရာဝန်ကြီးတစ်ဦးနှင့် ရဲမှူးချုပ် တစ်ဦးတို့ကို စုံစမ်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအတွင်း ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်သွားသူများသည် ကော်မရှင်က သွားရောက်စစ် ဆေးချိန်တွင် အခြေအနေများ ပြန်လည်တည်ငြိမ်မှုများ ရှိနေပြီဖြစ်သဖြင့် နေရပ်တွင် ပြန်လည်နေထိုင် နေပြီဖြစ်ကာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိပေးထားခြင်းမရှိဟု ဦးစစ်မြိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ထိန်းသိမ်းနိုင်ရေး၊ ပြည်နယ် နယ်စပ်များ လုံခြုံရေး အတွက် အစိုးရတပ်များနှင့် ရခိုင်တပ်မတော်တို့ ပူးပေါင်းကာ ဆောင်ရွက်သင့်ပြီဟု ရခိုင်အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ဇန်န၀ါရီ ၂၉ ရက်တွင် မဇ္ဈိမကို ပြောထားသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးအင်အား လုံလောက်စွာချထားပြီး ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် လုံခြုံ ရေးအင်အား ထပ်မံတိုးမြှင့်ရန် စီစဉ်နေကြောင်းကိုလည်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောဆိုထားသည်။

မောင်တောမြို့နယ်၊ ဒုချရားတန်းအလယ်ရွာတွင် ဇန်န၀ါရီ ၁၃ ရက်က ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ဒေသလုံခြုံရေး အတွက် ကင်းလှည့်နေစဉ် ပဋိပက္ခဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့သည်။ ထို့ပြင် ဘင်္ဂါ လီလူဦးရေ ၅၀ နီးပါး သေဆုံးခဲ့သည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည့်အတွက် အစိုးရက ၎င်းစွပ် စွဲချက်များသည် အခြေအမြစ်မရှိဟု နိုင်ငံတကာကို နှစ်ကြိမ် ရှင်းလင်းခဲ့သည်။

Credit To :Mizzima - News in Burmese

0 comments:

Post a Comment