လထုညစ်ညမ်းမှုဖြစ်နိုင်သည်ဟု ယူဆရသည့် ရန်ကုန်မြို့ရှိနေရာ ၁၅ ခုတွင်
လေထုညစ်ညမ်းမှု စောင့် ကြည့်တိုင်းတာရေးဆိုင်ရာ စက်ကိရိယာများကို မတ်လအတွင်း
တပ်ဆင်သွားမည်ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်ထောက်ဌာနမှူး ဒေါက် တာအောင်မြင့်မော်က
ဖေဖော်ဝါရီ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်နှင့် German Intern- ational Cooperation(GIC)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လေထုညစ်ညမ်းမှု စောင့်ကြည့်တိုင်းတာ ရေးဆိုင်ရာ စက်ကိရိယာကို ရန်ကုန်မြို့တွင်းနှင့် လှော်ကားအပါအ၀င် ခြောက်နေရာ၊ မော်တော်ယာဉ် အများ သွားလာနေသော လမ်းဆုံငါးနေရာနှင့် စက်မှုဇုန်လေးနေရာတို့တွင် တပ်ဆင်သွားမည်ဖြစ်သည်။
ဒေါက်တာအောင်မြင့်မော်က “၁၅ နေရာလုပ်ချင်တယ်လို့ GIC အဖွဲ့ကို Letter of Interest ပေးပြီးပြီ။ သူတို့ လက်ခံတယ်။ စက်တွေ ထိုင်းရောက်နေပြီလို့ ပြောတယ်။ စက်လှူဒါန်းတဲ့အပေါ်မူတည်ပြီး စက် လာတပ်ဆင်ပေးမယ်။ ဒါပေမဲ့ ၁၅ လုံးထက် နည်းနေတယ်လို့ သိရတယ်။ ဘယ်နေရာက ရွေ့လျားနိုင် မလဲ။ ဘယ်နေရာမှာ ရေရှည်တပ်ဆင်မလဲဆိုတာ ရွေးချယ်မယ်။ မတ်လမှာ စီစဉ်ဆောင်ရွက်မယ်”ဟု ဆိုသည်။
စည်ပင်၏ ပြောကြားချက်များအရ လေထုညစ်ညမ်းမှု စောင့်ကြည့်တိုင်းတာရေးဆိုင်ရာ စက်ကိရိယာ၏ တန်းဖိုးသည် ကျပ်သိန်း ၄၀၀ ခန့်ရှိကာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ပါဝင်သည်ဟု ဆိုသည်။
“အဲဒီမှာ ကွန်ပျူတာစနစ် တပ်လိုက်တာနဲ့ ဖတ်ထားတဲ့ အချက်အလက်တွေ ကွန်ပျူတာထဲမှာ ချက်ချင်း သိရမယ်။ ဒီစက်ကိုထားဖို့ နေရာလုံလောက်မှုရှိမရှိ ၁၅ နေရာလုံး အကြိုကွင်းဆင်း လေ့လာမယ့်အဆင့် ထိရောက်နေပြီ”ဟု ပြောသည်။
ဂျာမနီနိုင်ငံအခြေစိုက် GIC အဖွဲ့မှ ၂၀၁၃ ခုနှစ် မတ်လတွင် မြို့တော်ဝန်နှင့်တွေ့ဆုံပြီး ရန်ကုန်မြို့တော် နှင့် မြန်မာနိုင်ငံမြို့ကြီးများအတွက် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာရေး လုပ်ငန်းရှင်များ ဆောင် ရွက်ရန် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်တွင် အစိုးရ၀န်ထမ်းများနှင့် အန်ဂျီအို၊ အိုင်အန်ဂျီ အိုတို့မှ သင်တန်းသားများကို လေထုတိုင်းတာခြင်းဆိုင်ရာ စက်ပစ္စည်းသုံးစွဲပုံနှင့် လက်တွေ့အသုံးချ ဆောင်ရွက်ရန်အတွက် သင်တန်းပို့ချပေးခဲ့ပြီး ဖြစ်သည်။
GIC အဖွဲ့သည် အာဆီယံနိုင်ငံများအတွင်းရှိ မြို့အချို့တွင် လေထုညစ်ညမ်းမှုကို စောင့်ကြည့်လေ့လာ ခြင်း နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း ၂၀၁၃-၂၀၁၄ မှ စတင်ဆောင်ရွက်ခဲ့သည်။
Mizzima - News in Burmese
0 comments:
Post a Comment