
တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူ များသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူ များထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါ ဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။
ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံး သွေးကြောပိတ် ရောဂါနှင့် ဆိုင်သော ပြဿနာ များကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရ သေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။
“ဒီနှလုံး ရောဂါရဲ့ အကျိုး သက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီး အလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး”ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။
ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက် လာခြင်းမှာ ဆေးလိပ် သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက် စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုး သက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။
သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရာယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန် ကြာမြင့်စွာ ပိုမို အလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွား စေသည်ဟု သိရသည်။
အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ် နေသော စိတ်ဖိစီးမှု များလည်း မြင့်တက်လာသည် ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ် မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။
ဒေါက်တာ Marianna Virtanen နှင့် အပေါင်း အပါများက အဆိုပါ တွေ့ရှိချက်ကို European Heart Journal တွင် ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန် တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။
“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါ မှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီး ပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့ နေရာမှ လုပ်ငန်းခွင် ဖိအားတွေပါ အပိုတွဲ ပါလာ တတ်ပြီး အဓိက အချက်ကတော့ ဒါတွေက နှလုံး သွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မား လာတာပါပဲ”ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။
မြ၀တီ
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment