Tuesday, February 4, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပါးရိုက်မှုကို ခံယူရန်ဆိုကာ မြို့တော်ခန်းမ အနီးတွင် စုဝေး


မွးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပါးရိုက်မှုကို ခံယူရန်အတွက်ဟု ဆိုကာ ဒီမိုကရေစီ အင်အားစု ၁၀ ဦးခန့်က ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ သုံးနာရီမှ စတင်ကာ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းဆုံရာ လမ်းထောင့် (မြို့တော်ခန်းမ အနီး) တွင် စောင့်ဆိုင်းခဲ့ကြောင်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သည့် ဦးဘမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မကွေးတိုင်းဒေသကြီးသို့ သွားရောက်စဉ် ဒေသခံများကို ကြိမ်းမောင်းခြင်း၊ ဆဲဆိုခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဝန်ကြီးများ စကားပြော ယဉ်ကျေးစေရန် ယခုကဲ့သို့ ပါးရိုက်မှုကို ခံယူမည့် နည်းလမ်းဖြင့် မကျေနပ်မှုကို ထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“သူပြောတဲ့ စကားက ဈေးသည်လောက်တောင် အဆင့်မရှိပါဘူး။ ရောက်နေတဲ့ ကိုယ့်အဆင့်ကို ကိုယ်လေးစားဖို့ လိုပါတယ်။ ဒီမိုကရေစီကို ပြောင်းနေတဲ့ အစိုးရဆိုရင် ကျွန်တော်ဒီလို လုပ်တာကို အလေးထားမှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ပတ်သက်၍ ၎င်းက မှတ်ချက်ပြုသည်။

“ဒီမိုကရေစီ အင်အားစုများသည် ဆန္ဒပြမှု မပြုဘဲ ပြည်ထောင်စုဝန်ကြီး၏ ပါးရိုက်မှုကိုခံရန် စောင့်ဆိုင်းနေခြင်းသာ ဖြစ်ခြင်းကြောင့် ခွင့်ပြုချက်ယူရန် မလိုကြောင်းကို အဆိုပါ အင်အားစုများက ခွင့်ပြုချက်မရဘဲ ဆန္ဒမပြရန် လာရောက် တားဆီးသည့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများကို ပြောကြားသည်။

“ဝန်ကြီးက လယ်သမားတွေအပေါ် ခြိမ်းခြောက်တာ။ သူပြောတဲ့ စကားရဲ့ နောက်မှာ တပ်မတော်ဆိုတဲ့ ဆိုင်းဘုတ်ကြီး ရှိနေတယ်” ဟု မျိုးဆက်သစ် လူငယ်များ အဖွဲ့မှ ဦးစည်သူက ဆိုသည်။

ကာကွယ်ရေး ဝန်ကြီးဌာန (ကြည်း) မှ အမည်မဖော်လိုသည့် ဗိုလ်မှူးတစ်ဦးကမူ “ဒီခေတ်မှာ လွတ်လပ်စွာ ဆန္ဒပြခွင့် ရှိတဲ့အတွက် ဆန္ဒပြတဲ့ အပေါ်တော့ ဘာမှ မပြောလိုဘူး။ ဒါပေမဲ့ အဲဒီလူ (ပြည်ထောင်စုဝန်ကြီး) က အပြောသာ ဆိုးတာ။ စိတ်ရင်းက ကောင်းတယ်” ဟု ဆိုသည်။

ရာဇသတ်ကြီး အခန်း ၂၂ ၊ ရာဇဝတ် မကင်းသော ခြောက်လှန့်မှု၊ စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှု အခန်း၊ ပုဒ်မ ၅၀၆ တွင် မည်သူမဆို ရာဇဝတ် မကင်းသော ခြိမ်းခြောက်မှုကို ကျူးလွန်လျှင် ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောဆိုသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် မကွေးတိုင်း ဒေသကြီးသို့ သွားရောက်စဉ် ဒေသခံများနှင့် တွေ့ဆုံရာ၌ ဒေသခံအချို့က ဒေသတွင်း ရေသန့်စင်မှု အားနည်း၍ ရေသန့်စက် လိုအပ်ကြောင်း တင်ပြ တောင်းဆိုရာတွင် အဆိုပါ ပြည်ထောင်စုဝန်ကြီးက အခြားကျေးရွာများတွင်လည်း မရှိသော ရေသန့်စက်ကို တောင်းဆိုခြင်းအပေါ် စိတ်ဆိုး ဒေါသထွက်ပြီး “ဘာနိုင်ငံရေးသမားမှ စောက်ဂရု မစိုက်ဘူး။ ဗိုလ်ချုပ်အုန်းမြင့် ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်း ပြောလာတာ။ ရှင်းတယ် နော်။ ဘယ်နိုင်ငံရေးပါတီမှ မကြောက်ဘူး။ ပါးစပ်နဲ့ ကုန်းကိုက်တောင် ကျွန်တော် ကနိုင်တယ်။ ဒီလိုမျိုးကောင်။ ခင်ဗျားတို့ သိအောင် ပြောမယ်။ ခင်ဗျားတို့ လုပ်ချင်လုပ်၊ မလုပ်ချင်နေ။ ခင်ဗျားတို့နဲ့ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး” ဟု ပြောဆိုခဲ့မှု အပေါ်တွင် မကျေနပ်၍ ယင်းသို့ ဒီမိုကရေစီအင်အားစု ၁၀ ဦးခန့်က ပါးရိုက်ခံခြင်းဖြင့် မကျေနပ်မှုကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ရှင်းပြသည်။

The Voice Weekly

0 comments:

Post a Comment