Tuesday, January 21, 2014

အထူးအခွန် ကင်းလွတ်ခွင့်အတွက် SCS စနစ် ၂၀၁၅ တွင် စတင်မည်

ဖွံ့ဖြိုးပြီး ၃၇ နိုင်ငံမှ ဖွံ့ဖြိုးမှု အနောက်ကျဆုံးသော နိုင်ငံများသို့ ပေးအပ်ထားသည့် အထူးအခွန် ကင်းလွတ်ခွင့် (GSP) အတွက် ထုတ်လုပ် တင်ပို့သူ ကိုယ်တိုင် ပင်ရင်း နိုင်ငံသက်သေခံ လက်မှတ် ထုတ်ပေးသည့်စနစ် (Self-Certification System SCS) ကို လာမည့် ၂၀၁၅ တွင် စတင် အကောင် အထည်ဖော်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အာဆီယံနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စောပုက ပြောကြားသည်။

လက်ရှိတွင် GSP အခွင့်အရေးအတွက် ပင်ရင်း နိုင်ငံထုတ်ကုန်ပစ္စည်း (Country of Origin) ဖြစ်ကြောင်း သက်သေခံ လက်မှတ်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက စံနှုန်းများဖြင့် တွက်ချက်၍ ထုတ်ပေးရပြီး SCS ဆိုသည်မှာ ယင်းကဲ့သို့ မဟုတ်ဘဲ မိမိကိုယ်တိုင် သက်သေခံသည့်စနစ် တစ်ခု ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ စနစ် သုံးစွဲရန်အတွက် ရှေ့ပြေး စီမံကိန်း အဆင့်တစ်နှင့် အဆင့်နှစ်ကို အာဆီယံဒေသ တွင်း အကောင်အထည် ဖော်လျက်ရှိရာ အဆင့်တစ်တွင် မြန်မာနိုင်ငံ ပါဝင်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် အဆိုပါ စနစ်ကို တရားဝင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၇ ခုနှစ်တွင် ဥရောပသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို အဆိုပါစနစ် အတိုင်း ကျင့်သုံးနိုင်မှသာ ၎င်းတို့ ပေးအပ်သည့် တစ်ဖက်သတ် အထူးအခွန် ကင်းလွတ်ခွင့်ကို ရရှိမည်ဖြစ်သည်။

အထူးအခွန် ကင်းလွတ်ခွင့်ရရှိရန် အတွက် ပင်ရင်းနိုင်ငံထုတ်ကုန် ပစ္စည်းဖြစ်ရန် အရေးကြီးပြီး မူရင်းနိုင်ငံ ထုတ်ကုန်အဖြစ် သတ်မှတ်ချက်သည် မိမိတင်ပို့မည့် နိုင်ငံအပေါ်မူတည်၍ ကွဲပြားကြောင်း၊ SCS စနစ် ကျင့်သုံးရန်အတွက် စံနှုန်း သတ်မှတ်ချက်နှင့်ညီသည့် ကုမ္ပဏီများကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြား သည်။

ဝန်ကြီးဌာနများ၏ မူဝါဒအပြောင်း အလဲများ၊ လုပ်ထုံးလုပ်နည်း အပြောင်းအလဲများကို လူထုသို့ ကြိုတင် အသိပေးရန် လိုအပ်သည့်အပြင် လုပ်ငန်းရှင်များနှင့် ဆိုင်သည့် လုပ်ထုံး လုပ်နည်းများကို အသိပညာ ပေးရန် လိုကြောင်း၊ ပြင်ဆင်ချိန် မရှိပါက ဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ အကြား နားလည်မှု လွဲနိုင်ကြောင်း လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

အဆိုပါစနစ် ကျင့်သုံးပါက ပင်ရင်း နိုင်ငံထုတ်ကုန်ပစ္စည်းအဖြစ် မမှန်မကန် ကြေညာခြင်းနှင့် တင်ပို့ခြင်းများအတွက် စင်ကာပူနိုင်ငံတွင် စင်ကာပူဒေါ်လာ တစ်သိန်းနှင့် ထောင်ဒဏ်၊ မလေးရှားနိုင်ငံ တွင် ရင်းဂစ် ငါးသိန်းနှင့် ထောင်ဒဏ်နှင့် ကိုရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ငါးထောင်နှင့် ထောင်ဒဏ်များချမှတ် အပြစ်ပေးသောကြောင့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံနှင့် သင့်လျော်သည့် ပုံစံဖြင့် ကျင့်သုံးမည် ဖြစ်သည်ဟု အဆိုပါဝန်ကြီး ဌာနထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment