Wednesday, January 22, 2014

NCCT ၏ အပစ်ရပ်မူကြမ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကန့်ကွက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ၏ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က ကန့်ကွက်ထားကြောင်း တိုင်းရင်းသား လက် နက်ကိုင် ထိပ်သီးညီလာခံ (လော်ခီးလာ) ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောကြားသည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းထားသည့် သဘောတူညီချက် မူကြမ်းပါ ဝေါဟာရ အသုံးအနှုန်း အချို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ပလောင်အဖွဲ့ (PSLF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ရှမ်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များက ကန့်ကွက်နေခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အဓိက တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကို အစိုးရက မသုံးဖို့ တောင်းဆိုတယ်။ လက်နက် ကိုင်ဆိုတဲ့ အသုံးအနှုန်း သက်သက်ဆို ခိုးဆိုး တိုက်ခိုက်သူတွေလည်း လက်နက်ကိုင်တာ ရှိတော့ တော်လှန်ရေး ဆိုတဲ့ ဝေါဟာရကို ပြန်ထည့်ဖို့ အဖွဲ့အချို့က ပြန်တောင်းဆိုတာပါ” ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် ထည့်သွင်းမည့် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးကို အစိုးရက ဖက်ဒရယ်ရေးရာဟုသာ သုံးနှုန်းစေလိုပြီး တိုင်းရင်းသား အဖွဲ့များကမူ ပိုမိုခိုင်မာ စေလိုသည့်အတွက် တည်ဆောက်ရေးဟုသာ သုံးနှုန်းရန် ထပ်မံ ထောက်ပြထားကြောင်း NCCT အဖွဲ့ထံမှ သိရသည်။

NCCT က ဦးဆောင် ရေးဆွဲနေသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လက်နက်ကိုင် ထိပ်သီးညီလာခံက အပြီးသတ် သဘောမတူနိုင်သည့် အတွက် မူကြမ်းပါ ဝေါဟာရ အသုံးအနှုန်း အချို့ကို ပြင်ဆင်ရမည် ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့များ တစ်ပြိုင်နက် တစ်ပေါင်းတည်း လုပ်ဆောင်ရန်ကိုလည်း အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် ထပ်မံ ထည့်သွင်းထားကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမုန်းက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် NCCT က ဦးဆောင် ရေးဆွဲသော မူကြမ်းပါ အချက်အချို့ကို ညီလာခံတွင် အဖွဲ့အချို့က လက်မခံနိုင်သည့် အတွက် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များကို လဲလှယ်လိုက လဲလှယ်ရန် ညီလာခံသို့ တင်ပြထားကြောင်း အဆိုပါ NCCT ထံမှ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ((Nationwide Ceasefire Coordinating Team – NCCT) ကို မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ခေါင်းဆောင် အဖြစ် လည်းကောင်း၊ ကချင် လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းတို့က ဒုတိယအဖွဲ့ ခေါင်းဆောင်များအဖြစ် လည်းကောင်း တာဝန်ယူ လုပ်ဆောင်လျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment