Tuesday, January 21, 2014

ကျွန်းစုမြို့နယ် သမီးလှကျွန်းအရှေ့တွင် စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ ကလေးသုံးဦးသေဆုံးပြီး ၁၂ဦး ပျောက်ဆုံးနေ

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမီးလှကျွန်းအရှေ့တွင် ဇန်န၀ါရီ ၁၈ ရက် ည ၇နာရီ ၃၀ မိနစ်က စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ကလေးသုံးဦးသေဆုံးခဲ့ပြီး ၁၂ ဦး ပျောက် ဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါစက်လှေသည် ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာအုပ်စု ဓနိအော်ရွာမှ သစ်ခွဲသား ၁၀ တန်တင်ဆောင်၍ ပုလောမြို့နယ် ကျောက္ကာရွာတွင် သွားရောက်ရောင်းချရန် ထွက်ခွာခဲ့ပြီး လှေသားများအပါအ၀င် စုစုပေါင်း ၁၉ ဦး လိုက်ပါလာခဲ့ကြောင်းသိရသည်။ အဆိုပါစက်လှေ သည် သမီးလှကျွန်းအရှေ့တွင် လှိုင်းထန်လာသဖြင့် နစ်မြုပ်ခဲ့ကာ ငါးနှစ်အရွယ် (ကျား)တစ်ဦး၊ ၁၅နှစ်အရွယ် (ကျား)တစ်ဦးနှင့် ၁၁ နှစ်အရွယ် (မ)တစ်ဦး သေဆုံး ခဲ့ပြီး ကျန်စက်လှေပေါ်တွင် ရှိသော လူများအနက် (ကျား) တစ်ဦးနှင့် (မ)သုံးဦးအား ကယ် ဆယ်နိုင်ခဲ့ကာ ၁၂ ဦး ပျောက် ဆုံးနေကြောင်း သိရသည်။

ပင်လယ်ထဲမှာ လှိုင်းတွေထန်လာတဲ့အတွက် စက်လှေနစ်မြုပ်သွားရတာပါ။ ဖြစ်တဲ့အချိန် ကလည်း ညအချိန်ဖြစ်နေတော့ အခုလိုအသေအပျောက်တွေ ကြုံခဲ့ရတာပါ "ဖြစ်တာက ည ၇နာရီခွဲလောက်မှာပါ။ လှေသားတွေနဲ့အတူ ပုလောမြို့နယ် ကြဲကျေးရွာမှာရှိတဲ့ အသုဘကို သွားဖို့ လှေကြုံစီးလာတဲ့လူတွေ ပါလာတယ်လို့ကြားတယ်။ ဖြစ်တဲ့အချိန်က အနီးနားမှာ ကင်းမွန်မီးထွန်းလှေရှိတဲ့အတွက် လူတချို့ကိုတော့ ကယ်တင်လိုက်နိုင်ပါတယ်။ လက်ရှိအချိန် အထိ သမီးလှကျွန်း၊ တောင်သုံးလုံးကျွန်း၊ ကော့ဒွေးကျွန်း၊ မော်တုန်းကြီးကျွန်း၊ မလိကျွန်း တလျှောက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေစုပေါင်းပြီး ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်နေပါတယ်" ဟု တောင်သုံးလုံးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

"လှေပိုင်ရှင်က တောင်သုံးလုံးရွာက ကိုဖိုးဇော်ပါ။ ကျောက္ကာရွာမှာ သစ်ခွဲသားတွေ သွားရောင်းဖို့ ထွက်လာခဲ့ကြတာပါ။ သမီးလှကျွန်းအရှေ့ဘက်ခြမ်းမှာ အရှေ့လေတိုက် တာကြမ်းပြီးတော့ ပင်လယ်ထဲမှာ လှိုင်းတွေထန်လာတဲ့အတွက် စက်လှေနစ်မြုပ်သွား ရတာပါ။ ဖြစ်တဲ့အချိန်ကလည်း ညအချိန်ဖြစ်နေတော့ အခုလိုအသေအပျောက်တွေ ကြုံခဲ့ရတာ ပါ" ဟု စက်လှေတိမ်းမှောက်ခဲ့သည့် နေရာအနီးတွင် ကင်းမွန်ရှာဖွေနေသော ရေလုပ်သား တစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment