Sunday, January 26, 2014

မြဝတီကို ချိတ်ဆက်ရန် အတ္တရံ မြစ်ကူးတံတား ဆောက်လုပ်မည်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ နယ်စပ်မြို့ နှစ်ခုဖြစ်သည့် ဘုရားသုံးဆူနှင့် မြဝတီမြို့နယ် တို့ကို ချိတ်ဆက်ပေးနိုင်မည့် ဝင်းရောမြစ်နှင့် ဇနိမြစ်ဆုံရာ အတ္တရံမြစ်ကူး (ချောင်နှစ်ခွ) တံတားကို ၂၀၁၄ ခုနှစ် ဧပြီလကုန်ပိုင်းတွင် စတင်ဆောက်လုပ်ရန် ပြည်ထောင်စုလွှတ်တော် က သဘောတူညီလိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင် က ပြောကြားသည်။


၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် ဒေသဖွံ့ဖြိုးအတွက် ရရှိသည့်ဘဏ္ဍာငွေအနက် ကျပ် သန်း ၄၅၀၀ ဖြင့် ချောင်းနှစ်ခွတံတား ဆောက်လုပ်မည်ဖြစ်ရာ လုပ်ငန်း အကောင် အထည် ဖော်နိုင်ရေးအတွက် စီမံကိန်း ရေးဆွဲထားပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါ တံတား အမျိုးအစားသည် သံကူ ကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတား၏ အရှည် ၅၄၈ ပေနှင့် ယာဉ်သွားလမ်း အကျယ်သည် ၂၄ ပေ အသီးသီးရှိမည် ဖြစ်ကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘဏ္ဍာငွေ ရရှိသည့် ဧပြီလ နောက်ပိုင်းသည် မိုးရာသီ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သော် လည်း ၂၀၁၄ ခုနှစ်အတွင်း ရေလယ်တိုင် သုံးတိုင်ထိ အပြီးသတ် ဆောက်လုပ်နိုင်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ဒေါက်တာခင်မောင်သွင်က ပြောဆိုသည်။ “ခုဆောက်မယ့် နေရာက ကျေးရွာ ဖြတ်ဖောက်ရမယ် ဆိုပေမယ့် အိမ်ခြေငါးလုံး၊ ခြောက်လုံးလောက်ပဲ ပါတယ်၊ ဒီ လမ်းကြောင်းမှာပါတဲ့ အိမ်တွေကိုလည်း ရွာနဲ့ဝေးတဲ့ နေရာမှာ သီးသန့် မပြောင်းရွှေ့ခိုင်းဘူး။ ဒီရွာထဲမှာပဲ အကွက်ပြန်ရိုက် ပေးမယ်။ နစ်နာကြေးတွေလည်း ပေးသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တံတား ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက လမ်းအူကြောင်း နေရာနှစ်နေရာကို ကွင်းဆင်းတိုင်းတာခဲ့ပြီး တံတားတည်ဆောက်ရာတွင် တံတား လမ်းကြောင်း အတိုဆုံး ဖြစ်နိုင်မည့် တည်နေရာနှင့် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်မည့် လမ်းအူကြောင်း နေရာကို ရွေးချယ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းတံတား ဆောက်လုပ်ပြီးပါက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှတစ်ဆင့် မြဝတီ-မဲဆောက်နှင့် ဘုရား သုံးဆူ-စံခရဘူရီ နယ်စပ်သို့ ကုန်သွယ် ကူးသန်းအတွက် အသုံးပြုနိုင်မည် ဖြစ်ပြီး ထိုင်း-မြန်မာ အချက်အချာကျသည့် တံတားတစ်စင်း ဖြစ်လာမည် ဖြစ်သည်။

မြ၀တီ

0 comments:

Post a Comment