Wednesday, January 1, 2014

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးလိုက်သော်လည်း နိုင်စစ်ကော်မတီ၏ လုပ်ငန်းစဉ်များ ဆက်လက်ရှိနေမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်ဖြစ်ပေါ်ရေး ဆက်လက်ကြိုးစားမည်

င်ငံတော်သမ္မတ အမိန့်ဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးလိုက်သော်လည်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ၏ လုပ်ငန်းစဉ်များ ဆက်လက်ရှိနေမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်ဟု ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဘိုကြည်က ပြောကြားသည်။

နိုင်ငံရေး ပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံ နေရသူများအပြင် ကြားနာစစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်းအရေး ယူဆဲ ခံနေရသူများအား နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၅၁/၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန်ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နှင့် ထိုနေ့မတိုင်မီ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅) နှင့် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူအားလုံးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း၊ သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံများအား အမှုမှ ချက်ချင်း လွှတ်ရမည်ဖြစ်ကြောင်းနှင့် စုံစမ်းအရေးယူဆဲဖြစ်သော အမှုများကို ဆက်လက်အရေး ယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွတ်လာသော်လည်း လာမည့်ဇန်န၀ါရီ ၅ ရက်တွင် ပြုလုပ်ရန်ရှိသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ၏ နှစ်ပတ်တစ်ကြိမ် ပုံမှန်အစည်းအဝေးကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးဘိုကြည်က ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ၏ စတင်ဖွဲ့စည်းချိန်မှ စကာ လုပ်ဆောင်ခဲ့သည့် အချက်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖွယ်ရှိကြောင်းနှင့် ကော်မတီအနေဖြင့် မည်သည့်ပုံစံဖြင့် ဆက်လက်ရှိနေမည်၊ မည်သည့်အချက်များကို ဆက်လက်လုပ်ဆောင်သွားမည် ဆိုသည်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ၎င်း ကပြောကြားသည်။

“အခုဆိုရင် ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသား စိစစ်တဲ့ ကိစ္စကတော့ ပြီးသလောက် ဖြစ်သွားမယ်ပေါ့နော်။ ကျန်တာက နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ဆိုတာ လုပ်ကိုမလုပ်ရသေးဘူး။ ယာယီအားဖြင့် အလုပ်လုပ်လို့ရအောင် လုပ်ထားတာပဲရှိတယ်။ အဲဒါကို ကျွန်တော်တို့ တရားဝင်ဖြစ်အောင် လုပ်ဖို့တော့ ရှိပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

အစည်းအဝေးတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ၏ စတင်ဖွဲ့စည်းချိန်မှစကာ လုပ်ဆောင်ခဲ့သည့် အချက်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖွယ်ရှိကြောင်းနှင့် ကော်မတီအနေဖြင့် မည်သည့်ပုံစံဖြင့် ဆက်လက်ရှိနေမည် လက်ရှိတွင် နိုင်ငံရေးပုဒ်မများဖြင့် ပတ်သ ဆက်နွှယ် နေသူများကိုသာ နိုင်ငံရေး အကျဉ်းသားဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြောင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုမှု ဆိုသည်မှာ ကျယ်ပြန့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး စစ်စစ်မှန်မှန် ရသွားပြီးသည့် အချိန်တွင် တစ်မျိုးဖြစ်နိုင်ကြောင်း၊ လက်ရှိကာလကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးဘဲ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်နေသည့် ကာလတွင် ပုံစံတစ်မျိုး ဖြစ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် ဆိုပါက နိုင်ငံရေး အခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် တရားဝင် ဖွင့်ဆိုနိုင်ရေးအတွက် လွှတ်တော်သို့ အတည်ပြုပေးနိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားနေသည့် အဖွဲ့များပေါင်းကာ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် အကြမ်း တစ်ခု ရေးဆွဲထားကြောင်း၊ ယင်းအပေါ်တွင် မူတည်ဆွေးနွေးကာ လက်ရှိနိုင်ငံရေး အခြေအနေနှင့် အံဝင် ခွင်ကျဖြစ်အောင် ဆောင်ရွက်သွားမည်ဟုလည်း ဦးဘိုကြည်က ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေး ထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အတွင်းရေးမှူး အဖြစ် သမ္မတရုံးဝန်ကြီးဌာန (၄) ဒုတိယ၀န်ကြီး ဦးအောင်သိန်းတို့က တာဝန်ယူထားသည်။ အဖွဲ့ဝင်များ အဖြစ် နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်ထဲရေး၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ထိပ်တန်းတာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment