ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်သွားမည် မဟုတ်ကြောင်း ပုသိမ်မြို့တွင် ကျင်းပသည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတွင် KNU ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။
ကရင်တိုင်းရင်းသား ၁၆ သိန်းကျော် မှီတင်းနေထိုင်သည့်
ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ဇန်န၀ါရီ ၁ ရက် ကျရောက်သည့် ကရင်အမျိုးသားများ၏
နှစ်သစ်ကူးပွဲတော် အခမ်းအနားအား ပုသိမ်မြို့ ကန်သာယာကွင်း အတွင်းတွင်
ပထမဆုံးအကြိမ် တိုင်းအဆင့် အခမ်းအနား အနေဖြင့် ပြုလုပ် ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ၂၆ မြို့နယ်မှ ကရင်တိုင်းရင်းသား ထောင်နှင့်ချီ၍
တက်ရောက် ခဲ့ကြသည်။
“ကျွန်တော်တို့ ကရင်အမျိုးသားတွေရဲ့ ရပိုင်ခွင့်တွေကို
ဥပဒေဘောင်တွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တစ်နည်းအားဖြင့် နိုင်ငံရေး ပြဿနာကို
နိုင်ငံရေးနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကျွန်တော်တို့ရှေးက
ကရင်ခေါင်းဆောင်တွေ၊ မိဘဘိုးဘွားတွေက ကြိုးပမ်းခဲ့ကြပါတယ်။ နိုင်ငံရေး ပြဿနာကို
နိုင်ငံရေး နည်းနဲ့ အေးအေးချမ်းချမ်း ဖြေရှင်းခွင့် မရခဲ့ကြပါဘူး။ ကရင်အမျိုးသားတွေ
ကျော်ဖြတ်ခဲ့ရတဲ့ နှစ်ပေါင်း ၆၀ ကျော် ခရီးဟာ ကျွန်တော်တို့ ကရင်အမျိုးသားတွေ
ရွေးချယ်ခဲ့တဲ့လမ်း မဟုတ်ပါဘူး။ မလွှဲမရှောင်သာ ရပ်တည်ခဲ့ရတယ်။ ရုန်းကန်ခဲ့ရတယ်၊
ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေး နည်းနဲ့ အေးအေးချမ်းချမ်း
ဖြေရှင်းဖို့၊ စားပွဲဝိုင်းမှာ တန်းတူရည်တူ အပြန်အလှန် လေးစား ယုံကြည် မှုတွေနဲ့
ဖြေရှင်းပေးနိုင်ဖို့ အတွက် သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့
ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေ မရရှိခဲ့ကြပါဘူး” ဟု ဖဒိုမန်းငြိမ်းမောင်က
ဆက်လက် ပြောကြားသည်။
ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား ဧရာဝတီတိုင်း ဒေသကြီး
ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာမှ ဘုန်းတော်ကြီးများ၊ ဆရာတော်များ
ကရင်အမျိုးသားများ တက်ရောက်ကြသည်။ ကရင်နှစ်သစ်ကူးနေ့ ငြိမ်းချမ်းရေး
အထိမ်းအမှတ်အတွက် ၀န်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ
ဦးတင်စိုးနှင့် တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးမန်းသန်းရွှေတို့က
ငြိမ်းချမ်းရေးအတွက် ချိုးငှက်များ လွှတ်ခဲ့ကြသည်။
“ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး
တည်ဆောက်ဖို့၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုတဲ့ သမ္မတကြီးရဲ့
ဖြူစင်တဲ့သဘောထားတွေ၊ စိတ်စေတနာတွေကို သူ့ရဲ့ နိုင်ငံတော် အခြေပြုတဲ့
မိန့်ခွန်းတွေကို ကျွန်တော်တို့ လေ့လာသုံးသပ်ရတယ်။ ဒါကြောင့်
ကရင်အမျိုးသားတွေအနေနဲ့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၂ ရက် ဘားအံမှာ အပစ်အခတ်
ရပ်စဲရေးအတွက် လက်မှတ်ရေးထိုး ခဲ့ကြတယ်၊ နှစ်နှစ်တာ ကာလအတွင်းမှာ အလွတ်သဘောရော
တရားဝင်တွေ့ဆုံမှုတွေရော အကြိမ်ကြိမ် ဆောင်ရွက် ခဲ့ကြတယ်၊ နှစ်ပေါင်း ၆၀ ကျော်
ဖြစ်ခဲ့တဲ့ ပဋိပက္ခတစ်ခုဟာ အင်မတန် ကြီးမား နက်ရှိုင်းတဲ့ အခြေအနေ ရှိပါတယ်။
ကျွန်တော်တို့ အထဲမှာ အာဃာတတွေ၊ သံသယတွေ၊ ရန်ငြိုးရန်စတွေ ရှိခဲ့ကြတဲ့အခါ။ တစ်နေ့၊
တစ်ရက်၊ တစ်မနက်နဲ့တော့ မရှင်းနိုင်ပါဘူး။ ကျွန်တော်တို့ရရှိတဲ့ အောင်မြင် မှုတွေကို
ဆက်လက် ဆုပ်ကိုင်ပြီးတော့ ရှေ့ဆက်တွေ့ ရမယ့် စိန်ခေါ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့
လက်တွဲပြီးတာ့ စည်းစည်းလုံးလုံးနဲ့ ကျွန်တော်တို့ ချီတက်သွားမယ်” ဟု
ဖဒိုမန်းငြိမ်းမောင်က မိန့်ခွန်းတွင် ပြောကြားသည်။
ကရင်နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနားအား ဇန်န၀ါရီ ၁ ရက် နံနက် ၆
နာရီတွင် ကျင်းပခဲ့ပြီး၊ ပျော်ပွဲရွှင်ပွဲများ၊ ၂၆ မြို့
နယ်ဒုံးယိမ်းပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများအား ဒီဇင်ဘာ ၃၁ ရက်နှင့်
ဇန်န၀ါရီ ၁ ရက် တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ကရင်အမျိုးသားများ နေထိုင်သည့်
ကျန်သည့်မြို့နယ်များ တွင်လည်း ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော်အား
ကျင်းပခဲ့ကြောင်း သိရသည်။
Eleven
0 comments:
Post a Comment