Wednesday, January 29, 2014

မြန်မာဒုက္ခသည်တွေ အိန္ဒိယမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရ


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရောက် မြန်မာ ဒုက္ခသည်တွေ အထူးသဖြင့် ချင်းပြည်နယ်က ရောက်ရှိ လာခဲ့ကြတဲ့ အမျိုးသမီး ဒုက္ခသည်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြ ရတယ်လို့ BCD ခေါ် Burma Center Delhi အဖွဲ့နဲ့ ပန်းနု ဖေါင်ဒေးရှင်းတို့ ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းဇယားတွေအရ နယူးဒေလီမြို့ မှာ မြန်မာဒုက္ခသည် ရှစ်ထောင့်သုံးရာ့ ခြောက်ယောက် ရှိရာမှာ သုံးထောင် ကိုးရာ နှစ်ဆယ့်လေးယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။

အများစုဟာ ချင်းအမျိုးသမီးတွေဖြစ်ပြီး စားနပ်ရိက္ခာ၊ နေထိုင်စရာ၊ အလုပ်အကိုင်၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေရရှိဖို့ အခက်အခဲဖြစ်နေတဲ့အပြင် အမျိုးသမီးများ ကာယိနြေ္ဒ ထိပါးခံရမှာ စိုးရိမ်နေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ချင်းပြည်နယ် အစွန်အဖျားမှာ တောင်ယာလုပ်ကိုင် စားသောက်နေရပြီး၊ အစိုးရစစ်တပ်က အထမ်းသမားတွေအဖြစ် အဓမ္မခိုင်းစေတာ၊ မြေယာသိမ်းယူတာ စတာတွေကြောင့်၊ ဆက်လက်နေထိုင်လို့ မရတော့ဘဲ အိန္ဒိယဘက် ထွက်လာခဲ့ကြပေမယ့်၊ နယူးဒေလီမှာလည်း နောက်ထပ်အခက်အခဲတွေနဲ့ ထပ်မံရင်ဆိုင်ကြရကြောင်း၊ အမျိုးသမီးအများစုဟာ သူတို့နေထိုင်ရာ အိမ်ခန်းတွေမှာ၊ အလုပ်ခွင်မှာ၊ လူစည်ကားရာနေရာတွေမှာ၊ လမ်းတွေပေါ်မှာ ခွဲခြားဆက်ဆံခံရတာ၊ ကာယိနြေ္ဒပျက်အောင် အစော်ကားခံရတာ၊ အနိုင့်အထက် ဗလက္ကာယပြုခံရတာ စတာတွေနဲ့ ရင်ဆိုင်နေကြရကြောင်း ပန်းနု ဖေါင်ဒေးရှင်း တည်ထောင်သူ ဒေါက်တာ အလန်နာ ဂိုလ်မီက ပြောပါတယ်။

အဲဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ လက်ရှိ နိုင်ငံခြားရေးမုဝါဒကို ပြန်လည်သုံးသပ်ပြီး၊ အမျိုးသမီး ဒုက္ခသည်တွေကို နိုင်ငံရေးခိုလှုံခွင့်ပြုရေး စဉ်းစားပေးဖို့ တင်ပြထားသလို၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး UNHCR အနေနဲ့လည်း အမျိုးသမီး ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတောင်းခံနိုင်တဲ့ အစီအစဉ်တစ်ရပ် ဖန်တီးပေးဖို့ တိုက်တွန်းထားကြောင်း ဒေါက်တာ အလန်နာ ဂိုလ်မီက ပြောပါတယ်။

RFA

0 comments:

Post a Comment