Monday, June 3, 2013

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်းအောဘရိုက်နှင့် တိုင်းရင်းသားပါတီများ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်းအောဘရိုက်သည် ဇွန် ၂ ရက် နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး မက်ဒယ်လိန်းအောဘရိုက်က ငြိမ်းချမ်းရေးကိစ္စများ၊ အချိုးကျ ကိုယ်စားပြု စနစ်ဆိုင်ရာ ကိစ္စများ၊ တိုင်းရင်းသားများ၏ ရှေ့အလားအလာများ၊ လက်ရှိဖြစ်နေသော ပဋိပက္ခများသည် တိုင်းရင်းသား အရေးများနှင့် သက်ဆိုင်ခြင်း ရှိမရှိ ဆိုသော အချက်များကို မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားပါတီများဘက်မှ ပြန်လည်ဆွေးနွေးရာတွင် ငြိမ်းချမ်းရေးသည် မျှော်လင့်ချက် ရှိလာနေသည် ဆိုသည့် အကြောင်းများ၊ အချိုးကျ ကိုယ်စားပြုစနစ်သည် တိုင်းရင်းသား ပါတီငယ်များအတွက် ထိခိုက်မှုများ ရှိနိုင်သည်ဆိုသော အချက်များ၊ ဖက်ဒရယ် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စများကို ထည့်သွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦးက ''အစိုးရက အခုဆိုရင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တစ်ခုတည်းတင် မဟုတ်တော့ဘဲ တပ်မတော်က တာဝန်ရှိတဲ့သူ တစ်ယောက်ကို အမိန့်အာဏာနဲ့ လွှတ်ပြီး ဆွေးနွေးစေတယ်ဆိုတော့ ငြိမ်းချမ်းရေးအတွက် တကယ့်ကို အစိုးရဘက်က စိတ်ဝင်စားလာတယ် ဆိုတာကို ပြနေတယ်။ အဲဒါကြောင့် လက်မှတ်မထိုးထားပေမယ့် ငြိမ်းချမ်းရေးက ရသလောက် ဖြစ်နေပါပြီဆိုပြီး ပြောခဲ့တယ်'' ဟု ပြောကြားသည်။

ဆက်လက်၍ အခြားမေးမြန်းမှုများနှင့် ပတ်သက်၍လည်း '' PR စနစ်ကတော့ ကျွန်တော်တို့ ပါတီက လက်မခံကြောင်း ကြေညာထားပြီးသားပဲလေ။ တိုင်းရင်းသားတွေရဲ့ ရှေ့ရေးနဲ့ ပတ်သက်လို့ကတော့ အစိုးရဘက်က ကတိတွေ မဖျက်ရင်တော့ ကောင်းမှာပါ။ ဖျက်ဖို့ကိုလည်း သိပ်မမြင်တော့ဘူး။ တိုင်းရင်းသားတွေ ဘက်ကတော့ အဆင်သင့်ပဲ။ ဆက်ဆွေးနွေးသွားဖို့ပဲ ရှိတယ်လို့ ပြောလိုက်တယ်'' ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။

မက်ဒယ်လိန်းအောဘရိုက်နှင့် တွေ့ဆုံခဲ့သည့် တိုင်းရင်းသား ပါတီများမှာ UNA အဖွဲ့ဝင်ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအ၀င် ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ကရင်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစောဟယ်ရီတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

မက်ဒယ်လိန်းအောဘရိုက်သည် အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီးဖြစ်ပြီး သမ္မတ ဘီလ်ကလင်တန်လက်ထက် ၁၉၉၇ ခုနှစ် ဇန်န၀ါရီ ၂၃ မှ ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် အမေရိကန် ဂျော့ခ်ျတောင်း တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။

EMG

0 comments:

Post a Comment