Wednesday, January 29, 2014

သင်္ဃန်းကျွန်း၊ ဦးစံဖေရပ်ကွက်ရှိ စည်ပင်အဆောက်အအုံ မဖျက်မချင်း ဆန္ဒပြသွားမည်

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ အနော်ရထာလမ်းတွင် စည်ပင်ခရိုင်ရုံး တည်ဆောက်ထားခြင်း ကို မဖျက်မချင်း ဆန္ဒပြသွားမည်ဟု ဇန်န၀ါရီ ၂၈ ရက်တွင် ဆန္ဒပြဦးဆောင်သူ ဦးကျင်သိန်းက မဇ္ဈိမကို ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်အတွင်းရှိ အနော်ရထာလမ်းအား အများပြည်သူသုံး စည်ပင်လမ်း အဖြစ် ပြန်လည် အသုံးပြုခွင့်ရရှိရေးအတွက် ဒုတိယအကြိမ် ဆန္ဒပြခြင်းကို ဇန်န၀ါရီ ၂၈ ရက်တွင် နံနက် ၁၂ နာရီတွင် သင်္ဃန်းကျွန်းဈေးကြီးရှေ့၌ လူအင်အား ၁၀၀ နီးပါးဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

ယခုတစ်ကြိမ်တွင် သုံးကြိမ်မြောက်အဖြစ် ဆူးလေမြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော် သွားကြရန် ပြင် ဆင်လျက်ရှိသည်။

ဦးကျင်သိန်းက “ဒုတိယအကြိမ်မှာ တွေ့ဆုံညှိနှိုင်းခြင်းမရှိဘူးဆိုရင် တတိယအကြိမ် မြို့တော် ခန်းမရှေ့ မှာ သွားပြမယ်။ ဒီအဆောက်အအုံမဖျက်မချင်း ခွင့်ပြုမိန့်တောင်းပြီး ဆန္ဒပြနေမှာပဲ။ ပြည်ထောင်စုတရား လွတ်တော်ချုပ်မှာ စာချွန်တော်ဥပဒေနဲ့ နစ်နာသူတွေက တရားရုံးမှာ ကျမ်းကျိန်ပြီးတာနဲ့ ဌာနဆိုင်ရာလူ တွေကို တရားစွဲမှာပါ”ဟု ပြောသည်။

သင်္ဃန်းကျွန်းဈေးကြီးဧရိယာအတွင်းရှိ အနော်ရထာလမ်းမြေအား ထည့်သွင်းထားပြီး လမ်းမြေနှင့် ရပ်ကွက်ထိစပ်ရာနေရာ၌ အုတ်တံတိုင်းကာထားခြင်း၊ ဆားဗစ်ကန်နှင့် အရှေ့ပိုင်း ခရိုင်ဈေးများဌာနမှ ဈေးရုံ အဆောက်အအုံဆောက်ခြင်း၊ လေးထောင့်ကန်လမ်းနှင့် ဘုရင့်နောင်လမ်းကြားရှိ နောက်ဖေးလမ်းကြား ကိုလည်း ပိတ်ထားပြီး အုတ်တံတိုင်း ကာထားခြင်းတို့ကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ် သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက် ခြံအမှတ် ၈၁ မှ ဒေါ်အေးအေးဝင်းက“ အနော်ရထာ လမ်းကို တောက်လျှောက် ပိတ်လိုက်တယ်။ အနော်ရထာလမ်းမှာ စည်ပင်ရုံးဆောက်တယ်။ အမှတ်(၈၁) ခြံကို လုံးဝ ၀င်လို့မရအောင် ခြံခတ်လိုက်တယ်။ မိလ္လာပိုက်တွေက ၈၁ ခြံဘက်ကို ထောင်ထားတယ်။ ရှေ့မှာ ပျံကျဈေးတန်းနဲ့လည်း ပိတ်နေတယ်။ ဘယ်လူကြီးလုပ်တာလဲ လာကြည့်ကြပါ”ဟု ပြောသည်။

အဆိုပါ အနော်ရထာလမ်းမြေ ပြန်လည်ရရှိရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေ ရပ်ကွက်သူ၊ ရပ် ကွက်သားများနှင့် ဈေးသူ၊ ဈေးသားများက လေးထောင့်ကန် လမ်းမကြီး သင်္ဃန်းကျွန်းဈေးကြီးရှေ့မှ စ တင်ပြီး ကြွေးကျော်သံများဖြင့် ဇမ္ဗူဒိတ်လမ်း၊ ဦးစံဖေလမ်းနှင့် အနော်ရထာလမ်းတို့ကို နှစ်ပတ်ပတ်ပြီး လူအင်အား ၁၀၀ ခန့်ဖြင့် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့သည်။ ဇန်န၀ါရီ ၁၀ ရက်က ပထမအကြိမ်ဆန္ဒ ဖော်ထုတ်ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment