Tuesday, January 7, 2014

နိုင်ငံ့အကျိုးကို ရှေ့ထား၍ ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား



နိုင်ငံရေးတွင် မေတ္တာအရ ထောက်ခံ၍ မရဘဲ နိုင်ငံ့အကျိုးကို ရှေ့ထား၍ ထောက်ခံကြရမည် ဖြစ်ကြောင်း ချင်းပြည်နယ်ခရီးစဉ်သို့ သွားရောက်ရန် ကလေးမြို့သို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"အရင် တုန်းကတော့ ခက်ခက်ခဲခဲပေါ့။ ဒါပေမဲ့ အခု ဒီလောက် ခက်ခက်ခဲခဲ မဟုတ်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံခွင့် ရလို့ အထူးပဲ ဝမ်းသာပါတယ်။ ကျွန်မတို့ကို ထောက်ခံတဲ့အခါမှာ ပြည်သူလူထုက ဘာကြောင့် ဆိုတာကို ရှင်းရှင်းလင်းလင်း သိပြီးတော့ ထောက်ခံမှသာ တကယ်တန်ဖိုး ရှိမှာပါ။ အဓိပ္ပာယ်ရှိမှာပါ" ဟု ၄င်းက ဆိုသည်။

ချင်းပြည်နယ်သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောထား ရယူရန် အတွက် သွားရောက်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ လေကြောင်းခရီးဖြင့် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး ခေတ္တတည်းခိုရာ ရှင်းဟုန် ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်၌ တီးတိန်မြို့နယ်၊ ဇိုနွမ်းဇန် (ဆန်သိုက်) ကျေးရွာ၊ မူလွန်ကျောင်း ဖွင့်ပွဲအား ရွှေပါရမီတောရ ဆရာတော်အရှင် ဆန္ဒာဓိကနှင့် အတူ တက်ရောက်မည်ဖြစ်ပြီး တီးတိန်၊ ဖလမ်း၊ ဟားခါး မြို့များတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း၊
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကလေးမြို့၊ စတောင်မ် အားကစားကွင်းတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ထုတ်ပြန်ချက် များအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment