Monday, January 6, 2014

စစ်ဘေးသင့် မြန်မာတိုင်းရင်းသားများအတွက် ယန်း ၁၀ ဘီလျံ အကူအညီပေးရန် ဂျပန်စီစဉ်

ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲများအတွင်း ဒုက္ခကြုံတွေ့ခဲ့ကြရသည့်မန်မာတိုင်းရင်းသားများအတွက် လာမည့်ငါးနှစ်အတွင်း ယန်း ၁၀ ဘီလျံ အကူအညီပေးပြီး ပမာဏအများစုမှာ ထောက်ပံ့ငွေများ ဖြစ်မည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်များက ဇန်န၀ါရီ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြ ခဲ့သည်။
မန်မာအစိုးနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ဂျပန်အစိုးရက ယခုကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကူညီရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ချေးငွေနှင့် ကူညီထောက်ပံ့ငွေ ယန်း ၁၅၀ ဘီလျံကျော်ကို ပေးသွားမည်ဖြစ်ကြောင်း ဂျပန် ၀န်ကြီးချုပ် အရှင်ဇိုအာဘေးက ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများနှင့် ပြန်လည်ရင်ကြားစေ့ အစီအစဉ်များ အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ပြီး ပြည်သူများ၏ လူနေမှု အဆင့်အတန်းများ တိုးတက်စေရေးအတွက် အကူအညီပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အစားအစာနှင့် ဆေးဝါးများ ကူညီထောက်ပံ့ရန်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် စစ်ပွဲ များကြောင့် နေရပ်စွန့်ခွာ ခဲ့ရသူများအား ပြန်လည်နေရာ ချထားပေးရေးအတွက် ကူညီထောက်ပံ့မှု များကို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်အစိုးရက စီစဉ် ထားကြောင်း သိရသည်။

ဂျပန်အစိုးရ၏ ယခုအစီအစဉ်အား မြန်မာအစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ သဘောတူညီချက် ရရှိပြီးပါက အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရ အနေဖြင့် ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများသို့ အကူအညီပေးမှု စုစုပေါင်း ယန်း ၅၅၀ ဒသမ ၂ ဘီလျံ လျှော့ချသွားမည်ဟု ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံအား အကူအညီပေးရန် ယခုလို စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေဖြင့် ထောက်ပံ့ကူညီမှု ပမာဏ ၁ ဒသမ ၉ ရာခိုင်နှုန်းကို ၂၀၁၄ ခုနှစ်အတွင်း တိုးမြှင့်ကာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုမှအဖွဲ့
အစည်းပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မှုပုံစံသို့ ကူးပြောင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

eleven media group

0 comments:

Post a Comment