Tuesday, January 28, 2014

မေတ္တာလှိုင်းယာဉ်မှ ကားခတိုးမြင့်ကောင်ခံခြင်းကို ခရီးသွားပြည်သူများ မကျေနပ်

ရန်ကုန်( အင်းစိန်ရွာမ ) သဘာဝဓာတ်ငွေ့စခန်းသို့သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ဇန်နဝါရီလ ၂၆ ရက်နေ့ကပေါက်ကွဲခဲ့ရာ ယင်းပေါက်ကွဲမှုကို အကြောင်းပြု ကာ မေတ္တာလှိုင်းယာဉ်မှ ကားခတိုးမြင့် ကောက်ခံခြင်းကို ခရီးသွားပြည်သူများ မကျေနပ်ကြကြောင်း သိရသည်။

ဂက်စ်လိုင်းပေါက်ကွဲသည်ကိုအကြောင်းပြုကာ အဆိုပါမေတ္တာလှိုင်းယာဉ်သည် ယခုလ ၂၇ ရက်နေ့တွင်ဂက်စ်လိုင်းပေါက်သည်ကို အကြောင်းပြု၍ ယာဉ်စီးခအား ယခင်ကျပ် ၂၀၀ ကောက်ခံရာမှ ကျပ် ၄၀၀ သို့ တိုးမြင့်ကောက်ခံခဲ့ကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြော ကြားသည်။

“နေ့တိုင်းသွားနေကျခရီးစဉ်ကို နှစ်ဆတိုးပြီးကောက်တောင်းတော့ မေးကြည့်တယ်၊ အဲဒါသူတို့က ဂက်စ်လိုင်းပေါက်လို့ ဂက်စ်ကိုမနက် ၄နာရီတည်းက တန်းစီစောင့်နေရတာလို့ ပြောပြီးတောင်းတယ်၊ လူတွေကိုလဲ မချေမငံပြောသေးတယ်၊ ဂက်စ်ပေါက်တာနဲ့ပဲ တိုးကောက်ရောလား၊ ဂက်စ်ကဈေး တက်သွားလို့လား” ဟု ခရီးသွားပြည်သူ တစ်ဦးဖြစ်သည့် ဦးတင့်လွင်က ပြောသည်။

ယင်းဂက်စ်ပိုက်လိုင်းသည် ထန်းတပင်မြို့နယ်၊ တောညိုရွာအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပိုက်လိုင်းသံချေး တိုက်စားမှုကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ပိုက်လိုင်းထိန်းသိမ်းရေး စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းသို့ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ယင်းနေ့ ည ၇ နာရီခန့်တွင် ဂက်စ်ဆိုင်အချို့ ရောင်းချမှု ခေတ္တ ရပ်ဆိုင်းထားခဲ့သော်လည်း ဆိုင်များတွင် သိုလှောင်ထားသော ဂက်စ်များကို ည ၁၀ နာရီ ဝန်းကျင်ခန့်တွင်ပြန်လည် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဂက်စ်ပိုက်လိုင်းပေါက်ကွဲနေစဉ်အတွင်း ခေတ္တရပ်နားထားသော်လည်း ဂက်စ် များကို ဆက်လက် ရောင်းချပေးနိုင်ခဲ့ကြောင်း ရန်ကုန်မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ အရောင်း ဆိုင်များမှ သိရသည်။

ကိုထိုက်
မြန်မာ့ခေတ်

0 comments:

Post a Comment