မြန်မာနိုင်ငံရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်၌ရှိသော လက်ရှိနည်းပညာ တက္ကသိုလ် ကျောင်းသားများအား အင်ဂျင်နီယာဘွဲ့ BE ပေးရေး၊ မပေးရေး သည် ဆွေးနွေးဆဲ အချိန်ကာလ ဖြစ်သောကြောင့် လက်ရှိ တက်ရောက်နေသော ကျောင်း သားများနှင့် သက် ဆိုင်မှု မရှိဘဲ တက္ကသိုလ် ၀င်ခွင့်ပါ သတ်မှတ်ချက်အတိုင်း သင်ကြားရမည် ဖြစ်သည်ဟု သိပ္ပံနှင့် နည်းပညာဒုဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇန်န၀ါရီ လ ၂၈ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က အမျိုးသား ပညာရေး ဥပဒေရေး ဆွဲနိုင်ရေး မူဝါဒ ချမှတ်သော အစီအစဉ်တွင် နည်းပညာတက္ကသိုလ် ကျောင်းများ၌ BE ဘွဲ့ မပေးရေး တင်ပြခဲ့ရာ နည်းပညာ တက္ကသိုလ် ကျောင်းသား အများစုက ကန့်ကွက်သောကြောင့် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ယခု ကဲ့သို့ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။
““လက်ရှိ အခြေအနေမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ နည်းပညာ တက္ကသိုလ်တွေမှာ လက်ရှိအတိုင်းပဲ ဆက်ပြီးတော့ သွားနေတယ်။ B.Tech နဲ့ BE ရှိတယ်။ BE ဘွဲ့ မပေးတော့ဘူးတို့ ဘာတို့ ဆိုတာက ဆွေးနွေးဆဲ ကာလဖြစ်တယ်။ အတည် မဖြစ်သေး ဘူး။ အားလုံးက အရင်အတိုင်းပဲသွားနေမှာ။ အခုတက်နေတဲ့ ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့်မှာ ပါတဲ့အတိုင်းပဲ သွားရမှာ။ လက်ရှိ တက်နေတဲ့ ကျောင်းသားတွေ အတွက် ဘာမှ ထိခိုက်မှု မရှိဘူး။ နောက်ဆုံး အတည်ပြုရမှာက ပြည်ထောင်စု လွှတ်တော်က အတည်ပြုရမှာ”” ဟု သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ဆိုသည်။
နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က တင်ပြသော option 1 နှင့် option 2 တွင် မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် အင်ဂျင်နီယာ ၁၄၀၀ မွေးထုတ်မည် ဖြစ်ပြီး အင်ဂျင်နီယာ ဦးရေ ၇၀၀ အား ရန်ကုန် နည်းပညာ တက္ကသိုလ် YTU နှင့် မန္တလေး နည်းပညာ တက္ကသိုလ် MTU တို့မှ မွေးထုတ်မည် ဖြစ်ရာ ကျန်ဦးရေ ၇၀၀ အား မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ် TU ကျောင်းများအနက် ကျောင်း ၇ ကျောင်းမှ ဦးရေ ၇၀၀ မွေးထုတ်ရမည် ဖြစ်ကြောင်းနှင့် အင်ဂျင်နီယာ BE ဘွဲ့ကို အရည်အသွေး အာမခံချက် မရှိသော နည်းပညာ တက္ကသိုလ် TU ကျောင်းများတွင် မပေးရဟု ရေးဆွဲထားသဖြင့် နည်းပညာ တက္ကသိုလ် ကျောင်းအများစုက ကန့်ကွက်ကြခြင်း ဖြစ်သည်။
““တိုက်ရိုက် BE ပေးမယ့် ကိစ္စကတော့ ဆက်ဆွေးနွေးရဦးမှာပါ။ ၀န်ကြီးကတော့ ကျွန်တော် တို့ လိုချင်တဲ့ ပညာရေးပုံစံ ကို တောင်း ထားပါတယ်။ နောက်လာမယ့် အစည်းအဝေးမှာ ချပြဖို့ရှိတယ်။ ကျွန်တော်တို့က BE ဘွဲ့ လိုချင်လို့ တက်တာလေ။ အင်ဂျင်နီယာ ဖြစ်ချင်လို့ တက်တာလေ။ အလုပ်သမား ဖြစ်ချင်လို့ တက်တာမှ မဟုတ်တာ။ ကျွန်တော်တို့ကတော့ တိုက်ရိုက် BE ရရေးကိုပဲ ကြိုးစားသွားမှာပါ”” ဟု နည်းပညာတက္ကသိုလ် (သန်လျင်)မှ ဦးဆောင် ကန့်ကွက်သူ ကိုကျော်ဇင်ထက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်၌ နည်းပညာတက္ကသိုလ်ပေါင်း ၃၃ ကျောင်းရှိပြီး အဆင့်မြှင့်တင် ထားသော Extre of Excellence (COE) ဟုခေါ်သည့် ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ် ၂ ကျောင်းရှိသည်။
ဝိုင်းမော်
Myanmartandawsint Newspaper
0 comments:
Post a Comment