ဒီဇင်ဘာလ ပထမပတ်အတွင်း မန္တလေးမြို့ နံနက်ပိုင်းအချိန်အား မြင်တွေ့ရစဉ်
မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၆ ရက်က အပူချိန် ရုတ်တရက် ကျဆင်းခဲ့ပြီး
အနီးဝန်းကျင် မြို့များ၌ပါ အပူချိန် ကျဆင်း၍ သိသာ စွာအအေးပိုခဲ့ကြောင်း
သိရသည်။
ဒီဇင်ဘာ ၁၅ ရက် မန္တလေးမြို့ အနိမ့်ဆုံး အပူချိန်မှာ ၁၇
ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၆ ရက်၌ ၁၃ ဒီဂရီ စင်ဒီဂရိတ်အထိ
ကျဆင်းသွားသောကြောင့် အအေးပိုခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး
အတွင်းရှိ ပါဝင်သော မြို့နယ်များတွင် ဒီဇင်ဘာ ၁၅ ရက် အပူချိန်ထက် ၃ ဒီဂရီ
စင်တီဂရိတ်မှ ၅ ဒီဂရီစင်တီဂရိတ် ခန့်အထိ ကျဆင်းသွားကြောင်း မိုးလေ၀သနှင့်
ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်)မှ မှတ်တမ်းများအရ သိရသည်။
''ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းလောက်မှာ လေအေးတွေ စတိုက်ပြီး အအေးသိသိသာသာ
ပိုလာတာကို သတိထားမိတယ်။ အရင်ရက်တွေက ညနေ ၆ နာရီဆိုရင် အနွေးထည်
မ၀တ်ဘဲနေလို့ ရသေးတယ်။ အဲဒီနေ့ ညနေပိုင်းက အနွေးထည်ဝတ်ပြီးမှ
အပြင်ထွက်နိုင်တယ်။ ညပိုင်း ၉ နာရီ ကျော်လောက်မှာလည်း မိုးရွာသလိုမျိုး
လေတိုက်သံတွေ ကြားရတယ်။ မနက်ရောက်တော့လည်း နေသာပူနေတာ ရာသီဥတုက
စိမ့်အေးနေတာပဲ'' ဟု ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၆ ရက်တွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေးမြို့၌ ၁၃ ဒီဂရီ
စင်တီဂရိတ်၊ ပြင်ဦးလွင်မြို့ ၂ ဒီဂရီစင်တီဂရိတ်၊ ကျောက်ဆည် ၁၁ ဒသမ ၅
ဒီဂရီ စင်တီဂရိတ်၊ မိတ္ထီလာ ၁၂ ဒသမ ၂ ဒီဂရီစင် တီဂရိတ်၊ မြင်းခြံ ၉ ဒသမ ၅
ဒီဂရီစင်တီ ဂရိတ်၊ ညောင်ဦး ၁၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နှင့် ရမည်းသင်း ၁၂
ဒသမ ၂ ဒီဂရီစင် တီဂရိတ် အသီးသီး ရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ
အတွင်း၌ ထူးခြားဖြစ်စဉ်အဖြစ် မိုးကုတ်မြို့၌ မိုးရွာသွန်းကာ မိုးသီးများ
ကျဆင်း၍ အအေးသိသာစွာ ပိုခဲ့ပြီး ပြင်ဦးလွင် မြို့တွင်လည်း အပူချိန် ၂
ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်း သွားခြင်းကြောင့် သိသာစွာ အအေးပိုခဲ့ကြောင်း
သိရသည်။
EMG
0 comments:
Post a Comment