Wednesday, December 25, 2013

ဘေးလူ၏ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်သည့် လက္ခဏာ မတွေ့ရ


ပညာရှင်များသည် အမျိုးသမီး (၇၆၀၀၀)ကျော်တို့၏ ပတ်ဝန်းကျင် အခြေအနေကို လေ့လာကာ အဆုတ်တွင် ကင်ဆာဖြစ်နိုင်သည့် အနေအထားများနှင့် ဆက်စပ်ကြည့်ခဲ့ကြသည်။
အခြားသူတစ်ဦး ဆေးလိပ်သောက်နေရာမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များကို ရှူရှိုက်မိခြင်းသည် အဆုတ် ကင်ဆာ ဖြစ်ပွားစေနိုင်ကြောင်း အဆိုနှင့် ပတ်သက်ပြီး တိကျသော အထောက်အထားမျိုး မတွေ့ရကြောင်း သုတေသီများက ပြောကြားလိုက်သည်။ စတန်းဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များက ဘေးပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သူများ ရှိနေခြင်းဖြင့် ကိုယ်တိုင် ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုး သက်ရောက်မှုမျိုး ခံစားရနိုင်ကြောင်း အယူအဆကို အတည်ပြုရန် ငြင်းဆန်ခဲ့သည်။ ပညာရှင် များသည် အမျိုးသမီး (၇၆၀၀၀)ကျော်တို့၏ ပတ်ဝန်းကျင် အခြေအနေကို လေ့လာကာ အဆုတ်တွင် ကင်ဆာဖြစ်နိုင်သည့် အနေအထားများနှင့် ဆက်စပ်ကြည့်ခဲ့ကြသည်။ 

ဆေးလိပ်သောက်သူများနှင့် နီးစပ်စွာ ထိတွေ့ဆက်ဆံနေသော အမျိုးသမီးများတွင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် မြင့်တက်နေသော လက္ခဏာမျိုး မတွေ့ရဟု သုတေသီများက ဆိုသည်။ ထို့အပြင် ဆေးလိပ်ကို နှစ်ပေါင်း(၃၀)မျှ စွဲမြဲသောက်လာသူများတွင်သာ အဆုတ်ကင်ဆာ ခံစားရနိုင်သည့် အခြေအနေ သိသိသာသာ မြင့်တက်လာကြောင်းလည်း ၎င်းတို့၏ တွေ့ရှိချက်တွင် ဖော်ပြပါရှိသည်။ စတန်းဖို့ဒ် တက္ကသိုလ်မှ ပြုလုပ်သော သုတေသန စစ်တမ်းတွင် ပါဝင်ခဲ့သည့် ဆေးကျောင်းသား အန်ဂျီဝမ်က "တကယ်တော့ အဆုတ်ကင်ဆာ ဖြစ်နိုင်စေတဲ့ အချက်တွေထဲမှာ ဘေးလူရဲ့ ဆေးလိပ်ငွေ့ကို ရှူမိတယ် ဆိုတာက အားကောင်းတဲ့ အထောက်အထား မဟုတ်ပါဘူး။ ဒီအခြေအနေနဲ့ ဒီရောဂါ ဆက်စပ်တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားမျိုး မတွေ့ရဘူး"ဟု ပြောကြားခဲ့သည်။

ယခုစစ်တမ်းတွင် အသက်အရွယ်စုံ အမျိုးသမီး (၇၆၃၀၄)ဦး၏ နေထိုင်မှု ပတ်ဝန်းကျင်ကို ဆက်စပ် လေ့လာခဲ့သည်။ ယင်းတို့အနက် (၉၀၁)ဦးသည် (၁၀)နှစ်ခွဲကျော် အချိန်ကာလအတွင်း အဆုတ်ကင်ဆာ ခံစားလာရသည်။ ထိုဝေဒနာရှင်များသည် ပတ်ဝန်းကျင်မှ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသည့် အမြဲတမ်း ထိတွေ့မှုမျိုး ရှိနေသည်ဟု မဆိုနိုင်သလို ဆေးလိပ်ငွေ့နှင့် အမြဲတစေ ထိတွေ့နေသူများတွင်လည်း သေချာပေါက် ကင်ဆာဖြစ်နိုင်သည့် အလားအလာမျိုး တိုးပွားမလာကြောင်း ပညာရှင်များက ရှင်းပြသွားသည်။

Planet Myanmar Network

0 comments:

Post a Comment