Friday, December 13, 2013

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု ကုလနှင့် ဗြိတိန်ကြိုဆို

သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းခွင့်ဖြင့် ဒီဇင်ဘာ ၁၁ ရက်က နိုင်ငံရေး အကျဉ်းသား ၄၁ ဦး အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာခဲ့ရာ ထိုကဲ့သို့ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနားက ဒီဇင်ဘာ ၁၁ ရက်က ပြော ကြားသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုသည် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဆိုသည့် သမ္မတဦးသိန်းစိန်၏ ကတိပြုပြောကြားမှုကို ဖြည့်ဆည်းရာ ရောက်ကြောင်းလည်း ၎င်းက ဆိုသည်။

အလားတူ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးပတ်ထရစ်ကလည်း ''မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို ကြိုဆိုပါတယ်။ ဒါဟာ ယခုနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ ပြောထားတဲ့ သမ္မတရဲ့ ကတိက၀တ်ကို ဖြည့်ဆည်းတဲ့ အပြုသဘောဆောင်တဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ်ပါပဲ။ ဒီလုပ်ရပ် ဟာ မြန်မာအစိုးရကနေ ပြည့်ဝတဲ့ ဒီမိုကရေ စီစနစ်ဆီ ဦးတည်တဲ့အကူးအပြောင်း စတင် ချိန်ကစပြီး ဆောင်ရွက်ခဲ့သမျမှာ အထင်ရှား ဆုံးဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်ပါ တယ်။ ဒီအတွက်လည်း မြန်မာအစိုးရကို ချီးကျူးပါတယ်။ ဒီလနှောင်းပိုင်းမှာ ထပ်မံ လွှတ်ပေးဖို့လည်း မျှော်လင့်ပါတယ်။ အခုလို လွှတ်ပေးတာဟာ ထင်ရှားတဲ့ရှေ့ခြေလှမ်း တစ်ရပ်ဆိုပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချမှတ်နေသေးတာကိုလည်း ပူပန်နေမိ ပါသေးတယ်'' ဟု ဒီဇင်ဘာ ၁၂ ရက်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ နှစ် မကုန်မီနိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးမည်ဟု ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်က လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ ဒီဇင်ဘာ ၁၁ ရက်တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်က ထပ်မံလွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးတွင် ယခုအစိုးရ လက်ထက်တွင်မှ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရသည့် အကျဉ်းသားများလည်း ပါဝင်လာသည်။

လွတ်မြောက်လာခဲ့ သူများမှာ အင်းစိန်ထောင်မှ ၁၁ ဦး၊ မန္တလေးထောင်မှ တစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦး၊ ပုသိမ်ထောင်မှ နှစ်ဦး၊ သာယာဝတီထောင်မှ နှစ်ဦး၊ ဘားအံထောင်မှ တစ်ဦး၊ တောင်ငူထောင်မှ တစ်ဦး၊ ကော့သောင်းထောင်မှ လေးဦး၊ သထုံထောင်မှ ၁၀ ဦး၊ ပဲခူးထောင်မှ ခြောက်ဦး၊ မြစ်ကြီးနားထောင်မှ တစ်ဦးနှင့် ဘူးသီးတောင်ထောင်မှ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အင်းစိန်ထောင်မှ လွတ်မြောက် လာသူများတွင် မကြာသေးမီက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ထောင်ကျထားသူ အများစု ပါဝင်လာခဲ့သည်။

လက်ရှိတွင် အခြားနိုင်ငံရေးနှင့် ဆက်နွှယ်၍ တရားရင်ဆိုင် နေရသူပေါင်း ၂၅၀ ကျော် ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment