Tuesday, December 10, 2013

မြောက်ဦး ပဋိပက္ခ၌ ပါဝင်သူနှစ်ဦးကို လူသတ်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချ

ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ ပါဝင်ခဲ့သည်ဟု ဆိုကာ မြောက်ဦးမြို့နယ်မှ ဒေသခံ နှစ်ဦးကို စစ်တွေခရိုင် တရားရုံးက ဒီဇင်ဘာလ ၉ ရက်နေ့တွင် လူသတ်မှု ကျူးလွန်သည်ဟု ယူဆသဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း ယင်းအမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်အေးနုစိန်က ပြောကြားသည်။

မြောက်ဦးမြို့နယ် ယိုင်သည် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် လူသတ်မူ ကျူးလွန်ခဲ့သည်ဟုဆိုကာ အဆိုပါ ရခိုင် တိုင်းရင်းသား နှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အခြား ရခိုင်တိုင်းရင်းသား တစ်ဦးကို ရုန်းရင်း ဆန်ခတ်မူ (ပုဒ်မ ၁၄၇) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း ဒေါ်အေးနုစိန်က ဆိုသည်။

ယိုင်သည်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံရသူ ရှစ်ဦးအနက် ကျန်ငါးဦးကို တရားသေ လွှတ်ပေးလိုက်ကြောင်း ဒေါ်အေးနုစိန်က ထပ်မံပြောဆိုသည်။
“ပြစ်ဒဏ် ကျခံရသူတွေအတွက် အယူခံဝင်ပေးဖို့ တောင်းဆိုရင်တော့ အယူခံဝင်မယ်” ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ဆိုကာ အမှုပေါင်း ၂၉၅ မူဖြင့် လူ ၁၁၈၉ ဦး ကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှု ကျူးလွန် ခဲ့သူ ၅၀၇ ဦးကို ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဇူလိုင်လတွင် ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ကြသည်။

The Voice

0 comments:

Post a Comment