Tuesday, December 17, 2013

ရန်ကုန်မြို့၌ တစ်ပတ်အတွင်း Beauty Spa မီးလောင်မှု ဒုတိယအကြိမ် ဖြစ်ပွားရာ ၁၈ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး သေဆုံး


တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ သုမင်္ဂလာလမ်းမ၊ တိုက်ခန်းအမှတ် ၁၅၃ ရှိ THREE SEASON Beauty Spa & Health အလှပြင်ဆိုင်၌ ဒီဇင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ဝန်ထမ်း မိန်းကလေး တစ်ဦးဖြစ်သူ မဆုမွန်၊ အသက် (၁၈) နှစ်မှာ ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းတွင်း၌ မီးခိုးများမွှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

"ကောင်မလေးက ရေချိုးခန်းထဲမှာ အ၀တ်လျှော်တုန်း မီးခိုးတွေမွှန်ပြီး ပိတ်မိသေတယ်။ မီးဖိုချောင်မှာ လျှပ်စစ်ထမင်းပေါင်းအိုးနဲ့တည်တာ အနီးအနားမှာ လူမရှိဘဲထားတော့ ၀ိုင်ယာပူတာကနေ စလောင်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ထွန်းက ပြောကြားသည်။
"မီး..မီး ဆိုပြီးလမ်းမတန်းဘက်ကအော်မှ တိုက်အပေါ်ထပ်အနောက်က လောင်နေတာတွေ့ရတယ်။ ထွက်ကြည့်တော့ အပေါ်ထပ်က မီးခိုးအူပြီး တံခါးတွေ စွဲလောင်နေတာကိုတွေ့တယ်။ မာဆတ်က မိန်းကလေးတွေ အကုန်ဆင်းပြေးကြတယ်"ဟု ယင်းတိုက်နံဘေးအိမ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂၈ စီး၊ အုပ်ချုပ်ယာဉ်သုံးစီး၊ အထောက်အကူပြု ယာဉ်ခြောက်စီး လာရောက်ငြှိမ်းသတ်၍ ၁၂ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ကာ ၁၂ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း၊ ကြက်ခြေနီယာဉ်လေးစီးမှလည်း အကူအညီများပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လောင်ကျွမ်းမှုကြောင့် အဆောက်အအုံ တန်ဖိုး သိန်း ၂၀ နှင့် ပစ္စည်းတန်ဖိုး သုံးသိန်း ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တောင်ဥက္ကလာပ မြို့မရဲစခန်းက ဆိုင်တာဝန်ခံဖြစ်သူ ကိုဝင်းမြင့်စန်းအား (ပ) ၄၇၃/၂၀၁၃၊ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင် ဥက္ကလာပ မြို့မရဲစခန်းမှ ဒုရဲအုပ် တေဇာမင်းက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြောကြားသည်။
"ဆိုင်ကတော့ KTV လို့သိရတယ်။ လျှပ်စစ်ထမင်းပေါင်းအိုး စတည်တာကနေ လောင်တယ်။ မီးလောင်တော့ ပိုင်ရှင်ဖြစ်သူလည်း ထွက်ပြေးသွားတယ်။ အမှုဖွင့်ထားတဲ့သူက ပိုင်ရှင်မဟုတ်ဘူးလို့ ငြင်းနေတယ်"ဟု ဒုရဲအုပ်တေဇာမင်းက ပြောကြားသည်။

ယခု Beauty Spa မီးလောင်မှုသည် တစ်ပတ်အတွင်း ရန်ကုန်မြို့၌ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက် ည ၁၂ နာရီ ၁၅ မိနစ်ကလည်း မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်အပေါ်ထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး သေဆုံး ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment