Thursday, November 21, 2013

တောင်ငူမြို့ချမ်းမြေ့တည်းခိုခန်းဗုံးဖောက်ခွဲသူကို KNU ဖြင့် ပူးပေါင်းဖမ်းဆီး

ပြီးခဲ့သည် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ ချမ်းမြေ့တည်းခိုခန်း ဗုံးဖောက်ခွဲသူ တရားခံအား နိုဝင်ဘာ၁၈ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)ကဖမ်းဆီးပြီး တောင်ငူမြို့နယ် ရဲတပ်ဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး (မှုခင်း) ဒု-ရဲမှူးကြီးဝင်းစိန်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဗုံးဖောက်ခွဲသူ စောထွန်းထွန်း(ခ) ထွန်းထွန်း (၃၅)နှစ် (ဘ) ဦးသံချောင်းသည် ကျောက်ကြီး မြို့ မေတ္တာ ရပ်တွင်နေထိုင်သူဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကျောက်ကြီး ဆက်ဆံရေးရုံးက နိုဝင် ဘာ၁၈ရက်တွင် သံသယရှိသူအဖြစ် ဖမ်းဆီးကာယင်းနေ့ မှာပင် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့သို့ အပ်နှံပေး ခဲ့ပြီး၊ နိုဝင်ဘာ၁၉ရက်တွင် ရဲစခန်းမှတရားလိုပြု၍ တောင်ငူတရားရုံး၌ အမှုကိုဆက်လက် စစ်ဆေးရာ နိုဝင်ဘာ၂၀ရက်တွင် သံသယဖြစ် ဖမ်းဆီးခံထားရသူစောထွန်းထွန်းက အမှုကိုကျူး လွန်ကြောင်း ၀န်ခံ ထွက်ဆိုခဲ့သည်ဟု ဒု-ရဲမှူးကြီးဝင်းစိန်ကပြောသည်။

တရားခံ စောထွန်းထွန်း(ခ)ထွန်းထွန်းကို တောင်ငူမြို့ အမှတ်(၁)ရဲစခန်းမှ (ပ)၅၃၅/၂၀၁၃ ပြစ်မှုပုဒ်မ၊ ၁၉၈၀ ခုနှစ်ပေါက်ကွဲစေတတ်သော အရာဝတ္ထုများအက်ဥပဒေပုဒ်မ-၃အရ စစ်ဆေးဆောင်ရွက်နေ သည်ဟု ၎င်းက ဆိုသည်။

ဗုံးဖောက်ခွဲဖြစ်စဉ်များနှင့်ပတ်သက်၍ တရားခံစောထွန်းထွန်းက “စက်တင်ဘာ(၇)ရက်တွင် ကျောက် ကြီးမြို့နယ်အရှေ့ဘက် တော်ပေါ်ထီးခိုကျေးရွာသို့ဖာဝယ်ယူရန် သွားရောက်ခဲ့ပြီးအပြန်တွင် မဲပုတ်ချောင်းဖျားအနီး၌ စောတ၀ါး(စိစစ်ဆဲ)မှ ငွေကျပ် နှစ်သောင်းပေးကာ လုံးပတ်လက်ကောက်ဝတ်ခန့်၊ အရှည်ငါးလက်မ၊ ဇစ်ဆွဲပါအိတ်တစ်လုံးကို ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအိတ်အား ဖွင့်မကြည့်ရန်ပြောပြီး မြို့တစ်မြို့တွင်ထားရှိရန် မှာကြားခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၉ ရက်တွင် ကျောက်ကြီးမြို့နယ် ပဲနွယ်ကုန်းမြို့သို့ ဆိုင်ကယ် ကယ်ရီဖြင့်ထွက်ရှိခဲ့ပြီး၊ ယင်းမှတစ်ဆင့် ခရီးသည်တင်မှန်လုံ ယာဉ်ဖြင့် တောင်ငူမြို့သို့ရောက်ရှိကာ တည်းခိုနေကျဖြစ်သည့် ချမ်းမြေ့တည်းခို ခန်းတွင် အောက်တိုဘာ၉ရက်၌ တစ်ညတည်းခိုခဲ့ပြီး ၎င်းတည်းခိုအိပ်စက်ခဲ့သည့် ခုတင်ခေါင်းရင်းဘောင်ပေါ်တွင် တင်ထားခဲ့ကြောင်း” တောင်ငူမြို့၊ ဒုတိယ မြို့နယ်တရား သူကြီးရုံး(၁)တွင် ထွက်ဆိုခဲ့သည်။

တောင်ငူဗုံးဖောက်ခွဲမှုဖြစ်စဉ်များအပြီး အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် အလုံမြို့နယ်ရှိ Western Park 2 လည်းကောင်း ၁၄ ရက် ညနေပိုင်းတွင်Trader ဟိုတယ်တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ် ခဲ့ပြီး စစ်ကိုင်းမြို့တွင်လည်းအောက်တိုဘာ၁၄ရက်နှင့် ၁၅ရက်များတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ သည်။ ရန်ကုန်မြို့Western Park 2 ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး တရားခံစောမြင့်လွင်(ခ)မောထကို ဖမ်းဆီး ရမိပြီး ဖြစ်သည်။

Mizzima

0 comments:

Post a Comment