Saturday, November 9, 2013

မြန်မာနိုင်ငံ၏ အိုင်တီဈေးကွက်သည် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး ငါးနှစ်အတွင်း နှစ်ဆကျော် တိုးတက်နိုင်ကြောင်း IDC ခန့်မှန်း

မြန်မာနိုင်ငံ၏ အိုင်တီဈေးကွက်သည် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိလာနိုင်ကြောင်း International Data Corporation (IDC) ၏ ခန့်မှန်းချက်များအရ သိရသည်။ လူဦးရေသန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အိုင်တီဈေးကွက်သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၅၁ သန်းရှိပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၅၅၆ သန်းအထိ ရောက် ရှိမည် ဖြစ်သည့် အတွက် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်း ရှိလာမည်ဟု International Data Corporation (IDC) ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ၎င်းခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ အိုင်စီတီ ဈေးကွက်မှာ ငါးနှစ်အတွင်း နှစ်ဆကျော် တိုးတက်လာမည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်နှင့် မန္တလေးသည် လူဦးရေ သိပ်သည်းမှုကြောင့် ဦးဆောင်အိုင်တီ အချက်အချာ နေရာနှစ်ခု ဖြစ်သည့်အပြင် လာမည့်နှစ် အနည်းငယ် အတွင်း၌ ဈေးကွက်ဝင်ပေါက်နှင့် သုံးစွဲမှု အချက်အချာ နေရာများ ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားသည်။

''မြန်မာနိုင်ငံရဲ့ အိုင်တီဈေးကွက်ကို ကြည့်ရင်ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနဲ့ ၀န်ဆောင်မှုတွေဆိုပြီး အများကြီး ရှိပါမယ်။ ဆော့ဖ်ဝဲနယ်ပယ်မှာတော့ ၀န်ထမ်းအရေအတွက်နဲ့ တွက်ပြီး တိုးလာနိုင်တဲ့ ၀င်ငွေကို ခန့်မှန်းလို့ရတယ်။ ဥပမာ- ဒီနယ်ပယ်မှာ ၀န်ထမ်းတစ်သောင်းကနေ တစ်လကို ၁၀ သန်းဖိုး ထုတ်လုပ်နိုင်တယ်။ တစ်နှစ်ဆိုရင် သန်း ၁၂၀ ဖိုး GDP ရှိတယ်ဆိုပြီး တွက်လို့ရတာပေါ့။ ကျွန်တော့်အမြင်အရ ပြောရရင် ဆော့ဖ်ဝဲနဲ့ ၀န်ဆောင်မှုပိုင်းတွေမှာတင် IDC က ခန့်မှန်းထားတဲ့ ပမာဏကို ကျော်နိုင်တယ်။ ဒီမှာက မူလပမာဏအနေနဲ့ အရမ်းသေးနေတဲ့ အတွက်ကြောင့်လည်း ခုလိုမျိုး တိုးတက်မှုနှုန်း ဖြစ်လာနိုင်တာပါ။ တခြားနိုင်ငံ တွေမှာတော့ ဒီလိုမျိုးဖြစ်နိုင်ဖို့ မလွယ်ဘဲ သူတို့ဆီမှာ ၁၀ ရာခိုင်နှုန်းလောက် တိုးတက်တယ်  ဆိုရင်ပဲ အရမ်းအခြေအနေ ကောင်းနေပါပြီ။ ဒီမှာတော့ နဂိုက အရမ်းသေးနေတာဖြစ်လို့ နှစ်ဆမကဘဲ သုံး၊ လေးဆ တိုးသွားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်'' ဟု MIT ဆော့ဖ်ဝဲကုမ္ပဏီမှ ဦးထွန်းသူရသက်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်၊ အင်တာနက်ဈေးကွက်နှင့် ကွန်ပျူတာ ဈေးကွက်တို့တွင် မသုံးစွဲနိုင်သေးသောသူများ အများအပြား ကျန်ရှိနေသေးရာ ယင်းမှာ အခွင့်အလမ်းများ ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ရှုမြင်ကြသည်။

အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများလည်း ရှိနေရာ ယင်းတို့မှာ အခြေခံအ ဆောက်အအုံပိုင်း ဆိုင်ရာများ၊ လူတစ်ဦးချင်းဝင်ငွေနှင့် ခိုင်မာသော စည်းမျဉ်း စည်းကမ်းများ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
Eleven

0 comments:

Post a Comment