Friday, November 8, 2013

ဘတ်ဂျက်တောင်းတာ ရှက်စရာလား

နိုဝင်ဘာ ၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သည့် ပညာရေး မြှင့် တင်မှုကော်မတီ အစည်းအဝေးမှာ ပညာရေး ၀န်ကြီးဌာနက အစိုးရကို ဖြည့်စွက်ရန်ပုံငွေ တောင်းခံခဲ့ တယ်လို့ သိရပါတယ်။ ဒီလို တောင်းခံမှုအပေါ်မှာ အရမ်းကို ရှက်မိပါတယ်လို့ တာဝန်ရှိသူ လူကြီး တချို့က ပြောခဲ့ပါတယ်။ 
အကြောင်းကတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ ပညာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ မဟုတ်ဘဲ အခြား နေရာတွေမှာ သုံးဖို့တောင်းခဲ့တာကြောင့်လို့ ဆိုပါတယ်။ ပညာရေးဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ ရတာက ယခု မြန်မာနိုင်ငံမှာ ၄၄ နှစ်အကြာမှာမှ တဖန်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့တဲ့ SEA Games ဖွင့်ပွဲ ပိတ်ပွဲအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက် ရမည့်အပိုင်းတွေရှိပါတယ်။ အဲလိုကူညီရာမှာSEA Games အတွက် လေ့ကျင့်နေ တဲ့ နေရာတွေကို ကျောင်းသားကျောင်းသူ ၊ ဆရာ ဆရာမတွေကို လိုက်လံပို့ဆောင်တဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်ကျငွေတွေ၊ အသုံးစရိတ်တွေအတွက် ဖြစ်ပါတယ်။
SEA Games ဆိုတာ မြန်မာတမျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုးသားပွဲတော်ကြီးပါ။ ဒီလိုပွဲမျိုးအတွက် ဖွင့်ပွဲ ပိတ်ပွဲတွေလုပ်ရာမှာ လူအင်အားလိုပါတယ်။ လုံလောက်တဲ့ လူအများအပြားကို ယဉ်ကျေးမှုဝန်ကြီးဌာနက လည်းမရနိုင်ဘူး။ စေတနာရှင် တက်ကြွသူလူငယ်တွေကိုလည်း အများအပြား မစုဆောင်းနိုင်ဘူး။ ဒီ့အ တွက် ပညာရေးဝန်ကြီးဌာနက အမျိုးသားရေးပွဲတော်ကြီးအတွက် လိုအပ်တဲ့ လူအင်အားကို ကျောင်းသား တွေနဲ့ ဖြည့်ဆည်းပေးဖို့ တာဝန်ယူရပါတယ်။
ကျောင်းသူကျောင်းသားတွေခမြာမှာလည်း နွေ၊ မိုး၊ ဆောင်း မရှောင် ကိုယ့်နိုင်ငံရဲ့ အမျိုးသား ပွဲတော်ကြီး မှာ ပါဝင်ကူညီကြရပါတယ်။ ခုဆို SEA Games ကာလနီးလာပြီမို့ နားချိန်မရဘဲ ပြင်းပြင်း ထန်ထန် နဲ့ နေပြည် တော်ရဲ့ အပူချိန်အောက်မှာ ကြိုးစားလေ့ကျင့်နေရတာပါ။ ဒီကျောင်းသားတွေကို လည်း မင်းတို့ ဘာသာ လေ့ကျင့်ကြဆိုပြီး ပညာရေးဝန်ကြီးဌာနက ပြီးစလွယ်လွှတ်တာမဟုတ် ပါဘူး။ ကျောင်းသားတွေကို စောင့်ရှောက်ဖို့ ဆရာ၊ ဆရာမတွေပါအတူလွှတ်တယ်။ တချို့ စိတ်မချတဲ့ ကျောင်းသား မိဘအချို့လည်း ကိုယ့်စရိတ်ကိုယ်ခံနဲ့ နောက်ကနေ လိုက်နေရပါ တယ်။ ကျောင်းသားတွေ ဆိုတာ ခုမှ ၁၃ နှစ် ၁၄ နှစ်အရွယ် တွေ ဆိုတော့ အုပ်ထိန်းမှုလိုနေသေးတဲ့ အရွယ်တွေပါ။
SES Games အတွက် သွားလေ့ကျင့်ရပြန်ပြီ။ ပြန်လာရပြန်ပြီ။ ထပ်သွားရပြန်ပြီနဲ့။ သွားလာမှုစရိတ်တွေ လမ်းမှာ စားသောက်မှုစရိတ်တွေ အင်မတန်ကုန်ကျပါတယ်။ ဒီငွေတွေကို ဘယ်ကရမလဲ။ ပညာရေးဝန်ကြီး ဌာနကပဲ စိုက်ထုတ်ပေးရတာပါ။ တခါတခါလေ့ကျင့်ဖို့ သွားရင် ကျောင်းအုပ် ဆရာကြီးကသိန်း ၂၀ လောက်ထုတ် ပေးရတယ်လို့ နာမည်ကြီးကျောင်း တစ်ကျောင်း က ဆိုပါတယ်။ အဲငွေနဲ့ မလောက်တဲ့
အခါ တတ်နိုင်တဲ့ ကျောင်းသားမိဘတွေက ကိုယ့်ငွေထဲက စိုက်ထုတ်လှူဒါန်းရပါသေးတယ်။
အရင် တပ်မတော်အစိုးရလက်ထက်က ဒီလိုပွဲတွေ၊ အခမ်းအနားတွေအတွက် ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ကူညီဖို့ လိုအပ်ပြီဆို သက်ဆိုင်ရာ တိုင်းအလိုက် စစ်တိုင်းမှူးတွေက ဒီကျောင်းသားတွေဘာလိုလဲ။ သွားဖို့လာဖို့ ကားလိုလား။ အစား အသောက်။ ကျန်းမာရေးစတဲ့ လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရပါတယ်။ အခုတော့ ဆရာ၊ ဆရာမတွေ ခမြာ သွားဖို့လာဖို့ စရိတ်က ချပေးတာကမလောက်၊ စားဖို့ သောက်ဖို့က မလောက်နဲ့။ ကျောင်းသားမိဘတွေ ဆီကတောင် အလှူခံရတဲ့ အခြေအနေရောက်နေပါတယ်။
ဒီလိုအခြေအနေမှာ ပညာရေးဝန်ကြီးဌာနအတွက် ဘယ်ကနေပိုက်ဆံရမလဲ။ ပညာရေးနဲ့ မဆိုင်တဲ့ကိစ္စ လို့ ဆိုခဲ့ရင် ဒီကျောင်းသူကျောင်းသားတွေကို ဘာကြောင့် အားကစားပွဲအတွက် ပါဝင်ခိုင်းရသလဲ။ ဒီကျောင်းသားတွေခမြာ ပညာရေးဘက်လည်းလစ်ဟင်း၊ တနေကုန်လေ့ကျင့် ရတာတွေကြောင့် ပင်ပန်းမှုဒဏ်နဲ့ ကျန်းမာရေးတွေချို့ယွင်း။ ဆရာ၊ ဆရာမတွေကလည်း အိမ်နဲ့လည်း ခွဲခွာရ။ ဒီလိုဒုက္ခတွေကြားထဲက ကိုယ့်နိုင်ငံရဲ့ အမျိုးသားပွဲတော်ကြီး အတွက် ကျောင်းသူကျောင်းသားတွေ က တတ်နိုင်သလောက်ပါဝင်ကူညီနေရတာပါ။ 
ဖွင့်ပွဲ ပိတ်ပွဲကို မိဘပြည်သူတွေ ၅ နာရီစာလောက် TV ဖန်သားပြင်ကနေကြည့်ရှုနိုင်ဖို့ သူတို့လေးတွေ လနဲ့ချီ ကြိုးစားလေ့ကျင့်နေရရှာတာပါ။ ပိုက်ဆံတပြားတချပ်မှလည်း မရရှာပါဘူး။ သူတွေလေးတွေ အတွက် လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးဖို့ ပညာရေးဝန်ကြီးဌာနက ဘတ်ဂျက်တောင်းတာ လွန်ပါ့မလား။ အားကစားမှာ ကိုယ့်ပညာရေးဌာနက ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမတွေ ပါဝင်ကူညီနေ ရာမှာ လိုအပ်တဲ့ကုန်ကျမှုတွေအတွက် ဘတ်ဂျက်တောင်းခံတာ ပညာရေးနဲ့ မသက်ဆိုင်ဘဲ သုံးဖို့တောင်း တယ်လို့ ပြောလို့ရပါ့မလား။  
 
လူကြီးတစ်ယောက်ကပြောပါတယ်။ "ပညာရေး အတွက်လည်းမလိုအပ်တဲ့ ကုန်ကျမှုတွေ အင်မတန်မှ များပါတယ်။ ဒီလိုဟာတွေ သုံးမယ့်အစား တကယ်လိုအပ်တဲ့ နေရာတွေမှာသုံး စေချင် ပါတယ်" တဲ့။ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးအတွက် ချပေးထားတဲ့ ဘတ်ဂျက်ဟာ လိုအပ်တာထက် အများကြီး လိုနေသေးတာ စစ်တမ်းတွေအရ ပြည်သူအားလုံးသိကြပါတယ်။ အစတည်းက လိုနေတဲ့ ဘတ်ဂျက်ငွေတွေ ကို ဘယ်သူက မလိုတဲ့နေရာမှာသုံးမလဲ။ဆရာ၊ ဆရာမတွေဆိုတာ ခုထိ မလောက်ငတဲ့ လစာဝင်ငွေကြား မှာ ရှင်သန်ရပ်တည်နေရတဲ့သူတွေပါ။ ငယ်ငယ်ကတည်းက ဆင်းဆင်းရဲရဲ နေလာရတဲ့ ဆရာမ ခုထိလည်း မပြည့်မစုံဘဲ ရှိနေသေးတယ်ဆိုတာ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင် သိကြမှာပါ။ ကျန်တဲ့ ၀န်ထမ်းတွေ အတွက် အလုပ် ကြို / ပို့ ကားတွေရှိတယ်။ ကျမတို့ ပညာရေးမှာ ဆရာ၊ဆရာမတွေကို ကြို / ပို့ လုပ်နေတဲ့ ကားတွေမရှိပါဘူး။ စားဝတ်နေရေးစရိတ်အပြင် သွားလာလှုပ်ရှားကုန်ကျရတဲ့ စရိတ်တွေကြားမှာ နည်းပါး လှတဲ့ ၀င်ငွေနဲ့ကုန်ကျစရိတ်ကို တတ်နိုင်သလောက်နည်းအောင် ကြိုးစားရပ်တည်ပြီး ပီတိကိုစား အားရှိနေ တာ ဒီပညာရေးဝန်ထမ်းတွေပါ။
မြန်မာပြည်ရဲ့ ပညာရေးစနစ်နိမ့်ကျပါတယ်လို့ ပြောနေကြပေမဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ အပြည့် အ၀ မရသေးတဲ့ ပညာရေးဝန်ကြီးဌာနအတွက် တတ်နိုင်သလောက်အားနဲ့ လည်ပတ်နေရတာပါ။ နိုင်ငံ အတွက် ၀င်ငွေရှာပေးနိုင်တဲ့ ၀န်ကြီးဌာနတွေက ရလာတဲ့ နိုင်ငံတော်ပိုင်ငွေတွေကို ၀င်ငွေမရှာပေးနိုင်တဲ့ ကျန်းမာရေး၊ ပညာရေး စတာတွေဘက်မှာ ဖြည့်ဆည်းပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိပါတယ်။ 
မဆိုင်တဲ့နေရာမှာ သုံးဖို့ ဘတ်ဂျက်တောင်းတာ ရှက်စရာဆို။ မဆိုင်တဲ့နေရာကို ၀င်ကူညီရတဲ့ စေတနာ့ လုပ်အားတွေက ရှက်စရာတွေလား။ 
တကယ်လိုအပ်တဲ့နေရာတွေမှာသုံးစေချင်ပါတယ်ဆို တကယ်လိုအပ်သလောက်သုံးဖို့ကရော အမှန် တကယ် ပြည့်ပြည့်၀၀ ရနေပါရဲ့လား။ 
လိုအပ်နေတဲ့ကြားက လိုအပ်ချက်တွေအတွက်တောင်းခံရတဲ့ ဘတ်ဂျက်တွေကိုမှ မရနိုင်ဘူးဆို တိုင်းပြည်ရဲ့ ၀င်ငွေဟာ ဘယ်လိုနေရာတွေမှာ အသုံးပြုရပါတော့မလဲ။ ။ ။ ။
ပညာရေးဝန်ထမ်းဟောင်းကျောင်းသားမိဘတစ်ဦး 
By New Myanmar News

0 comments:

Post a Comment