ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဆိုသည့်
သမ္မတ၏ ပြောကြား ချက်မှာ ဖြစ်လာနိုင်ဖွယ် မရှိကြောင်း နိုဝင်ဘာ ၉ ရက်က
ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး
ကော်မတီ အစည်းအဝေးအပြီး ကော်မတီ အဖွဲ့ဝင်များ၏ ပြောကြား ချက်များ အရ သိရသည်။
"ဒီဇင်ဘာ ၃၁ ရက်မှာ အနိမ့်ဆုံး မျှော်လင့်တာက အရေအတွက် နည်းနိုင်သမျှ
အနည်း ဆုံးတော့ ဖြစ်သွားနိုင်တာပေါ့။ Zero Level ဖြစ်သွားဖို့ ဆိုတာကတော့
နည်းနည်းလေး ခက်တယ်။ ဒါက နိုင်ငံရေး အခြေအနေတွေနဲ့ ဆိုင်မယ်။ အခုရှိနေတဲ့
ပုဒ်မ ၁၈ တွေနဲ့ ဆိုင်မယ်။ ပုဒ်မ ၁၈ ကိစ္စကိုလည်း ကျွန်တော်တို့
ဆွေးနွေးနေတယ်။ တရားစီရင်ရေး အဖွဲ့တွေ၊ တရားစွဲ အဖွဲ့တွေကိုလည်း ပုဒ်မ ၁၈
နဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံးဖြတ်ပေးဖို့ ဆိုတာမျိုး တိုက်တွန်း
ပြောဆိုနေတာတွေ ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအဖွဲ့အနေဖြင့်
နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်နိုင်ရေးအတွက်
ဆောင်ရွက်နေသော်လည်း နိုင်ငံတော်သမ္မတ၏ ပြောစကားအတိုင်း နိုင်ငံရေး
အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အာမ မခံနိုင်ဟု ကော်မတီအဖွဲ့ဝင်
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်နေတုန်းမှာပဲ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေက ရှိနေတယ်။ ပုဒ်မ ၁၈ လို ကိစ္စမျိုးပေါ့။ အဲဒါမျိုးကြောင့် မှန်းရခက်နေတာ။ တရားရုံးတွေကလည်း အမှုကြန့်ကြာနေတာတွေကို အမြန်ဆုံး စိစစ်ပြီးတော့ လွှတ်သင့်တာ လွှတ် . . . |
"ကျွန်တော်တို့ ကော်မတီကတော့ သေချာကို ဒါကို Target ထားပြီးတော့
သေသေချာချာကို အလျင်အမြန် တောက်လျှောက် ဆောင်ရွက်နေတာ ရှိပါတယ်။
ဒါပေမဲ့လည်း Zero Level ဖြစ်စေချင်တယ်။ လုပ်စေချင်တဲ့စိတ် ရှိနေသလို
ကျွန်တော်တို့ မဖြစ်စေချင်တဲ့ ထပ်ပြီးဖမ်းဆီး နေတာမျိုးတွေ ရှိနေပါတယ်။
ရိုးရိုးဖြောင့်ဖြောင့်နဲ့ Zero Level ဖြစ်မယ်ဆိုတာကို ဘယ်သူမှ အာမ
မခံနိုင်တာပါ။ လုပ်တဲ့ သူတွေကလည်း တကယ့် Zero Level ဖြစ်အောင်
လုပ်နေပါတယ်"ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးရဲအောင်က
ပြောကြားသည်။
"အထဲမှာ ရှိတဲ့လူတွေ လွတ်ဖို့အတွက် ဒီမိုကရေစီ အစိုးရလက်ထက်ကို
ရောက်လာပေမယ့် အတွေးအခေါ် မပြောင်းချင်တဲ့ လူတွေရှိနေသလို တစ်ဖက်ကလည်း
အောက်ခြေမှာလည်း ဖမ်းဆီးထောင်ချနေတဲ့ ပုံစံမျိုးတွေ ရှိနေကြတယ်။ သမ္မတနဲ့
ကျွန်တော်တို့ ကော်မတီက ဘယ်လောက် ကြိုးစားကြိုးစား ဒီနေ့မှာ Zero Level
ဖြစ်မယ်၊ နောက်နေ့မှာ တစ်ရာ ဖြစ်ချင်လည်း ဖြစ်မယ်"ဟု ဦးရဲအောင်က သုံးသပ်
ပြောကြားသည်။
စိစစ်ရေး ကော်မတီအဖွဲ့ဝင်ဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကလည်း "လက်ကျန် နိုင်ငံရေး
အကျဉ်းသားများ စိစစ်နေတုန်းမှာပဲ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေက
ရှိနေတယ်။ ပုဒ်မ ၁၈ လို ကိစ္စမျိုးပေါ့။ အဲဒါမျိုးကြောင့် မှန်းရခက်နေတာ။
တရားရုံးတွေကလည်း အမှုကြန့်ကြာ နေတာတွေကို အမြန်ဆုံး စိစစ်ပြီးတော့
လွှတ်သင့်တာ လွှတ်။ ပြစ်ဒဏ်ချလိုက်တယ်ဆိုမှ အကျဉ်းသားဆိုပြီး ကျွန်တော်တို့
ကော်မတီ ကို ရောက်လာတာ။ အဲဒါတွေအားလုံးက ကော်မတီပြင်ပ ကိစ္စတွေ ဖြစ်နေတယ်။
သူတို့ဘက်က အဲဒါတွေအားလုံး တိတိကျကျ လုပ်ပေးနိုင်မှ ဒီလကုန်မှာ နိုင်ငံရေး
အကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆိုတာ ဖြစ်နိုင်မှာပါ"ဟု သုံးသပ်
ပြောကြားသည်။
လက်ရှိတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၊ ၈၈
မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ
အဖွဲ့ချုပ်တို့မှ စိစစ်ထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားမှာ ၁၄၇
ဦးရှိကြောင်း ဦးဘိုကြည်က ပြောကြားသည်။
"၁၄၇ ဦးဆိုတာက ကျွန်တော်တို့ ဒီငါးဖွဲ့က စိစစ်ထားတဲ့ စာရင်းပါ။
ဒီငါးဖွဲ့က စိစစ်ထားတဲ့ စာရင်းကို ကျွန်တော်တို့ ဒီကော်မတီကနေ ချပြမယ်။
ချပြလို့ ကန့်ကွက်မယ့်သူရှိရင်လည်း ကျွန်တော်တို့က ဒီလူတွေကို ဘာဖြစ်လို့
နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရလဲဆိုတာကို အချက်အလက်နဲ့
တင်ပြသွားမှာပါ"ဟု ဦးဘိုကြည်က ပြောကြားသည်။
နိုင်ငံတော် သမ္မတအနေနှင့်လည်း ယခုနှစ်ကုန်တွင် နိုင်ငံရေး
အကျဉ်းသားများအားလုံး လွတ်မြောက်ခြင်း မရှိပါက လက်ကျန် နိုင်ငံရေး
အကျဉ်းသားများ စိစစ်ရေးကော်မတီကို သက်တမ်း တိုးချဲ့ပြီး ဆက်လက်
လုပ်ကိုင်ခွင့် ပေးလိမ့်မည်ဟု ထင်မြင်ကြောင်း ဦးဘိုကြည်က ဆိုသည်။
Eleven
0 comments:
Post a Comment