![]() |
| ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ် |
တနသာင်္ရီတိုင်း
ဒေသကြီးရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှ မြန်မာလုပ်သားများမှာ
လုပ်ငန်း ခွင် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များနှင့် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်ဥပဒေမရှိ သဖြင့် လုပ်ငန်းခွင်အတွင်း
လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက အီတာလျံ-ထိုင်း(ITD) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အောက်တိုဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး
အလုပ်သမားဘက်မှ တောင်းဆိုချက်များဖြစ်သည့် မြန်မာနှင့် ထိုင်းလုပ်သားများ
လစာကွာခြားနေမှု၊ နေ့စားအလုပ်သမား များ လုပ်ခလစာနည်းပါးမှု၊ အလုပ်ချိန်များပြားသည့်အပြင် အချိန်ပို(OT) ကြေး မရရှိမှုနှင့် စီမံကိန်းရှိ
လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးရန်
စသောကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
"အခုလို စီမံကိန်းမှာ သွားရောက်ဆွေးနွေးရတာက နေပြည်တော်ကနေတဆင့် ဦးတို့ဆီကို စာပြန်ဝင် လာပြီး ဆောင်ရွက်ပေးဖို့ ညွှန်ကြားချက်ကျလာခဲ့ပါ။ ပထမအချက်က စီမံကိန်းမှာအလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေထဲက ဘွဲ့ရလူငယ်တွေနဲ့ အင်ဂျင်နီယာ ဘွဲ့ရထားတဲ့ လုပ်သားတွေကို လစာပေးချေတဲ့ အခါမှာ ထိုင်းလုပ်သားတွေနဲ့ ကွာခြားတဲ့ကိစ္စပါ။ စီမံကိန်းထဲမှာ သာမန်မြန်မာ လုပ်သားတစ်ယောက်ကတစ်လကို ကျပ် ၁၄၀၀၀၀ နဲ့ အင်ဂျင်နီယာက ကျပ် ၁၈၀၀၀၀ ရတယ်။ ထိုင်းလုပ်သားတစ်ယောက်ရဲ့ လစာကတော့ ကားသမား ဆိုရင်တောင် မြန်မာငွေ ကျပ် ၆၀၀၀၀၀ နဲ့ အင်ဂျင်နီယာဆိုရင် ကျပ် ၉၀၀၀၀၀ လောက်ရနေတာ တွေ့ရပါတယ်။ နေ့စားလုပ်သားဆိုရင်လည်း မြန်မာလုပ်သားတစ်ယောက်က တစ်နေ့ကို ကျပ် ၃၅၀၀ သာရပြီး ထိုင်းလုပ်သား တစ်ယောက်က ကျပ် ၁၈၀၀၀ လောက်ရပါတယ်။ အလုပ်လုပ်ရတဲ့အပိုင်း အများကြီးမကွာပေမယ့်ရရှိတဲ့ လစာက အတော်ကြီး ကွာခြားနေတော့ ညှိပေးဖို့ အလုပ်သမားတွေက တောင်းဆိုတာပါ။ အလုပ်သမားတွေ က သူတို့ကို ထိုင်းလုပ်သားတွေရနေတဲ့ လစာငွေရဲ့ တစ်ဝက်လောက်ကိုပဲ တိုးပေးဖို့ ပြောပါတယ်။ ထိုင်းကုမ္ပဏီဘက်က အဲဒါကိုမပေးနိုင်ဘူး လို့ ပြောပါတယ်။ ထိုင်းဘက်က ပြောတာကတော့ မြန်မာ ဘက်မှာ အနိမ့်ဆုံး လစာဆိုတာ သတ်မှတ်ချက်ရယ် လုပ်ငန်းခွင် ကျွမ်းကျင်မှုအတွက် အသိ အမှတ်ပြုလက်မှတ်တွေ မရှိတာပေါ့။ အခုလည်း စီမံကိန်းထဲမှာဘွဲ့ရလူ ငယ်လေးတွေ အလုပ်ကြမ်း သမားအဖြစ် လုပ်နေရတာ တွေ့တယ်။ အဓိကကတော့ လုပ်ငန်းကျွမ်း ကျင်မှု လက်မှတ်တွေ မရှိလို့ ဘဲ" ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာန မှူး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
"ဒီဒေသမှာ နေ့စားအလုပ်သမား တစ်ယောက်က တစ်နေ့ကို မြန်မာငွေ ကျပ် ၁၅၀၀ လောက်ပဲ ရ တာဖြစ်လို့ လက်ရှိသူတို့ပေးထားတဲ့လစာကျပ် ၃၅၀၀ ကတောင်များနေပါသေးတယ်လို့ ဆိုပါတယ်။ အဲလိုပြောတာ ဒီဒေသက နေ့စားလုပ်သားခတွေကို သေသေချာချာ မလေ့လာသေးဘူးဆိုတာ ပေါ် လွင်နေပါတယ်။ လက်ရှိဒီဒေသက အပြင်လုပ်ငန်းခွင်မှာ ပန်းရန်လုပ်ငန်းက ဘိလပ်မြေဖျော်တဲ့ အလုပ်သမားတောင် တစ်နေ့ကိုအနည်းဆုံး ကျပ် ၅၀၀၀ လောက် ရနေတာလူတိုင်းသိတယ်။ နောက်ပြီး ဒီဒေသမှာက ကုန်ဈေးနှုန်းလို အထွေထွေအသုံးစရိတ်တွေ မြင့်တယ်ဆိုတာ သူတို့သိဖို့ လိုတယ်။ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ဘက်က တောင်းဆိုသမျှအချက်တွေ အားလုံးနီးပါးကို ကုမ္ပဏီ ဘက်က အကြောင်းအမျိုးမျိုးပြပြီး လုပ်မပေးနိုင်ဘူးလို့ ပယ်ချခဲ့တယ်" ဟု ထားဝယ်အထူး စီးပွားရေး ဇုန်စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်မင်းထိုက် က ပြောကြားခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြန်မာလုပ်သား ၂၀၀၀ ကျော်နှင့် ထိုင်း လုပ်သား ၁၀၀၀ ကျော်ရှိပြီး ဒေသခံ ရွာသား အချို့လည်း ၀င်ရောက်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment