Tuesday, September 24, 2013

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ကျင်းပနေ ချိန်တွင် နမ္မတူမြို့နယ်ဘက်၌ တပ်မတော်နှင့် SSPP/SSA တပ်များ တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် ပွဲကျင်းပရေး ကော်မတီ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ များနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာ၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲများမှာ စက်တင်ဘာ ၁၇ ရက်က စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း နောက်ဆုံးနေ့ဖြစ် သည့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ထပ်မံဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီနေ့နံနက် ၅ နာရီလောက်မှာတော့ တိုက်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ နာရီ ၀က်လောက် အထိကို လက်နက်ကြီးတွေနဲ့ ပစ်နေသံ ကြားရတယ်။ ရွာထဲကိုလည်း လက်နက်ကြီးတွေ ကျတယ်။ ရွာသူရွာသား တွေတော့ အခုအချိန်အထိ ဘာအထိ အခိုက်မှ မရှိဘူးလို့ ကြားရတယ်။ ရွာသူရွာသား တွေကတော့ အပစ်အခတ်ကို နှစ်ဖက်လုံး ရပ်စေချင်ကြတယ်...

''စက်တင်ဘာ ၁၇ ရက်က ရှမ်းတပ်ဖွဲ့က ဒီရွာကို ရောက်လာတယ်။ လမ်းမှာ အစိုးရ စစ်တပ်တွေနဲ့ တွေ့ခဲ့ပြီး ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ အဲဒီညနေပိုင်းမှာ တပ်မတော်က စပစ်တယ်လို့ ပြောတယ်။ ရှမ်းအဖွဲ့ဘက်က တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာ ရသွားတယ်လို့ ကြားရ တယ်။ ၁၉ ရက်ကျတော့ အစိုးရတပ်က ရွာထဲရောက်လာတယ်။ ရွာထိပ်က ဘုန်းကြီးကျောင်းမှာ စခန်းချတယ်။ ရှမ်းအဖွဲ့ကတော့ ရွာထဲက ထွက်သွား ပြီး ရွာပြင်က တောထဲမှာ ရှိတယ်။ ဒီနေ့နံနက် ၅ နာရီလောက်မှာတော့ တိုက်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ နာရီဝက်လောက် အထိကို လက်နက်ကြီးတွေနဲ့ ပစ်နေသံ ကြားရတယ်။ ရွာထဲကိုလည်း လက်နက်ကြီးတွေ ကျတယ်။ ရွာသူရွာသား တွေတော့ အခုအချိန်အထိ ဘာအထိ အခိုက်မှ မရှိဘူးလို့ ကြားရတယ်။ ရွာသူရွာသား တွေကတော့ အပစ်အခတ်ကို နှစ်ဖက်လုံး ရပ်စေချင်ကြတယ်'' ဟု မိုင်းရင်ကျေးရွာတွင် ရောက်ရှိနေသော နမ္မတူမြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်နန်း ခမ်းအေး က စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီကျော်ခန့် က ပြောကြား သည်။

ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) သည် အစိုးရသစ် တက် လာပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်ပါ လက်မှတ်ရေး ထိုး ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရပြီး ယင်းနောက်ပိုင်း တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကာ လက်ရှိ အချိန်အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ဒီလိုမျိုး ဖြစ်တာတော့ ဘယ်ကောင်း မလဲပေါ့နော်။ အောက်တိုဘာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်မယ်လို့ ပြောနေတယ်။ ဒါပေမဲ့ အခုလို လုပ်တာကျတော့ တပ်ကကတိ မတည်တဲ့ သဘောမျိုး ဖြစ်နေ တာပေါ့'' ဟု ရှမ်းပြည် တိုးတက်ရေးပါတီ နာယက ဒုတိယဗိုလ် ချုပ်ကြီး ဆေထင်က ပြောကြားသည်။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယုံကြည်မှု တည်ဆောက်နေသည့်ပွဲ ကျင်းပနေချိန်အတွင်း ယခုကဲ့သို့ ဖြစ်ပွားနေသည့်အပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ငြိမ်းချမ်းရေးအတွင်း ယုံကြည်မှု တည်ဆောက်ခြင်းပွဲအပေါ် နိဂုံးချုပ်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment