Tuesday, September 24, 2013

ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ စစ်ဆေး တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး နေပြည်တော် ရုံးချုပ်သို့ ၂၄ နာရီအတွင်း အစီရင်ခံစာ ပေးရမည်

8.1.1
Mobile Team မှ GMG ကုမ္ပဏီတွင် တွေ့ရှိခဲ့သော အရက်ပုလင်းများအား စစ်ဆေးနေစဉ်
ဒေါပုံမြို့နယ်ရှိ GMG ကုမ္ပဏီတွင် စစ်ဆေးတွေ့ရှိခဲ့သော နိုင်ငံခြားဖြစ် အရက်ပုလင်း ၉၀၀၀၀ နီးပါးနှင့် ပတ်သက်ပြီး နေပြည်တော် ရုံးချုပ်သို့ ၂၄ နာရီအတွင်း အစီရင်ခံစာ ပေးရမည် ဖြစ်ကြောင်း Mobile Team မှ သိရသည်။
GMG ကုမ္ပဏီကို စက်တင်ဘာ ၁၈ ရက်မှစ၍ ၂၁ ရက်အထိ လေးရက်ကြာ ရှာဖွေစစ်ဆေးခဲ့စဉ် ဒုတိယ ရက်တွင် စစ်ဆေးခဲ့သော ဂိုဒေါင်များ၏ ခြောက်လုံးမြောက်တွင် Tiger တံဆပ်ပါ ပုလင်းအလုံး ၆၀၊ ပုလင်းပြားမှာ ၃၈၂၉၆ ပြားနှင့် Bonus Weseky အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့်တို့ စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း၊ တတိယရက်တွင်လည်း ကားပစ္စည်း ထားရှိသော ဂိုဒေါင်အတွင်း Tiger တံဆပ်ပါ ပုလင်းအလုံး ၅၁၀၀၀ နီးပါး ထပ်မံတွေ့ရှိ ခဲ့ရကြောင်း သိရသည်။
ယင်းသို့ ရှာဖွေခဲ့ရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန် ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်းဖြန့်ဖြူး နေသည်ဟု ဆိုထားသော ဦးလင်အင်ဟုတ် ပိုင်ဆိုင်ထားသည့် GMG ကုမ္ပဏီမှာ အရက်နှင့် ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီး နောက်တွင် Mobile Team အဖွဲ့မှ ၀င်ရောက်ရှာဖွေရန် စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်မှစ၍ ယင်းစက်ရုံသို့ သွားရောက် ခဲ့ကြောင်းလည်း သိရသည်။
ရှာဖွေတွေ့ရှိခဲ့သည့် အရက်ပုလင်းများနှင့် ပတ်သက်ကာ ကုမ္ပဏီအား အထောက်အထားများ တောင်းခံ ထားပြီး ဖြစ်ကြောင်း၊ ယင်းအပြင် ရှာဖွေတွေ့ရှိခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး ၂၄ နာရီအတွင်း နေပြည်တော်ရှိ Mobile Team အဖွဲ့ရုံးချုပ်မှ အကြီးအကဲများထံသို့ တင်ပြပေးရမည် ဖြစ်ကြောင်း စစ်ဆေးရှာဖွေမှုတွင် ဦးဆောင်သူ တစ်ဦးက ဆိုသည်။
ယင်းစစ်ဆေးမှုကို ဦးဆောင်ခဲ့သည့် ဦးတင်ရဲဝင်းက ''ကျွန်တော်တို့ ဆီမှာတော့ ဒီစစ်ဆေးချက်တွေကို အကြာကြီးထားလို့ မရဘူး။ ၂၄ နာရီအတွင်း အထက် အကြီးအကဲတွေကို တင်ပြပေးသွားရမှာပါ။ ပြီးမှ သူတို့ဆီကလာတဲ့ အဖြေပေါ်ကိုစောင့်ပြီး ဆက်လုပ်စရာတွေကို လုပ်ရမှာပါ။ ဒီစစ်ဆေးချက်မှာဆိုလည်း ကျွန်တော်တို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ သုံးသပ်ချက်တွေကိုပါ ထည့်ပေးသွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြား သည်။
GMG ကုမ္ပဏီသို့ ၀င်ရောက်စစ်ဆေး ခွင့်ရရန် ကြန့်ကြာမှုများ ရှိခဲ့သည့်အပြင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ထံသို့ ၀င်ရောက် ရှာဖွေခွင့်ရရန်အထိ လျှောက်ထားခဲ့ရမှုများ ရှိခဲ့သည်။
ယင်းအရက် ပုလင်းများမှာ မိမိတို့ တင်သွင်းခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သောနှစ် ၂၀ ခန့် ကတည်းက အရက်ပုလင်းများအား ကုမ္ပဏီတစ်ခုမှ လာရောက် အပ်နှံထားခြင်း ဖြစ်ကြောင်း GMG ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။

Eleven Media Group

0 comments:

Post a Comment