မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော တရားမ၀င် လောင်းကစား ဂိမ်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ကာစီနို လောင်းကစား စက်များဖြင့်
ဖွင့်လှစ်ထားသည့် မန္တလေးရှိ တရားမ၀င် ကာစီနို လောင်းကစားရုံများကြောင့်
လူငယ်များနှင့် အခြေခံ လူတန်းစား အများစု၏ အချိန်ရော ငွေကြေးပါ သိသိသာသာ
ဆုံးရှုံးလာပြီး လောင်းကစား ပြုလုပ်မှုကြောင့် အကျင့်စာရိတ္တ
ပျက်စီးလာမှု များလည်း ရှိနေကြောင်း ကာစီနို လောင်းကစား ပြုလုပ်သူများ
အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိ ရသည်။
ယင်းကာစီနို လောင်းကစားဆိုင် တစ်ဆိုင်တွင် ပျမ်းမျှအားဖြင့် အနည်းဆုံး
ဂိမ်းစက် ၁၀ လုံးခန့်မှ ၃၀ ခန့် အထိရှိပြီး မန္တလေး တစ်မြို့လုံးတွင်
Network ဂိမ်းဆိုင်အဖြစ် လိုင်စင်ပြုလုပ် ဖွင့်လှစ်နေသည့် ဆိုင် ၁၆၀ ခန့်
စာရင်းရှိနေကာ အဆိုပါ Network ဂိမ်း နာမည်ခံ ကာစီနို လောင်းကစားဆိုင်
အရေအတွက်မှာ ၃၀ ခန့် ရှိကြောင်း သိရသည်။ အောင်မြေသာစံ မြို့နယ်နှင့်
ချမ်းအေးသာစံ မြို့နယ်တွင် ဆိုင်အရေအတွက် ပိုမိုများပြားကြောင်း သိရသည်။
''သူတို့က ဂိမ်းစက်တွေကို ကွန်ပျူတာ ဆော့ဖ်ဝဲတွေနဲ့ ပြင်ထားတယ်လို့
နောက်တော့မှ သိရတယ်။ လောင်းကစားမှာ အရှုံးအနိုင်ဆိုတာ ရှိပေမယ့် ငွေပမာဏ
နည်းနည်းပဲ ထိုးတဲ့အခါကျရင် နိုင်ဖို့အခွင့်အရေး က များနေပြီး
ငွေပမာဏများတဲ့ အခါကျရင်တော့ ကာစီနိုစက်က ရှုံးဖို့အခွင့်အရေး ပိုများတဲ့
အနေအထား ဖြစ်နေတယ်။ ရှုံးနေတဲ့အခါ ပြန်နိုင်လိမ့်မယ်ထင်ပြီး ငွေပမာဏ
များများထိုးလေ ပိုပြီးရှုံးလေနဲ့ သိန်း ၇၀ လောက်ထိ ရှုံးတဲ့လူတွေတောင်
ရှိတယ်။ တချို့ဆို ပြန်မနိုင်မချင်း မထချင်တော့ စီးလာတဲ့ ဆိုင်ကယ်တောင်
ပေါင်ပြီးဆော့တဲ့ လူလည်းရှိတယ်''ဟု ကာစီနို လောင်းကစား ပြုလုပ်ခဲ့ဖူးသည့်
မန္တလေး မြို့ရှိ လူငယ်တစ်ဦးက ပြောသည်။
အဆိုပါ ဂိမ်းဆိုင်များ ဖွင့်လှစ်ရန် သက်ဆိုင်ရာ ရဲစခန်းနှင့်
တိုင်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက မြို့တော် စည်ပင်မှ
ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နိုင်ပြီး ငွေကြေးလောင်းကစား ပါဝင်လာပါက
တိုင်ကြားမှုရှိလျှင် အရေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့ရာတွင် ယင်းဂိမ်းဆိုင်များ လုပ်ငန်းလိုင်စင် လျှောက်ထားပါက
သက်ဆိုင်ရာ ရယက၊ အုပ်ချုပ်ရေးမှူး၊ အနီးပတ်ဝန်းကျင် လေးအိမ်၊ အဓိကဖြစ်သည့်
မြို့နယ်ရဲစခန်း ထောက်ခံချက် ပါမှသာ ခွင့်ပြုကြောင်းနှင့် လောင်းကစား
ဂိမ်းဆိုင်များအဖြစ် သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူမှသာ
လိုင်စင်ပိတ်သိမ်းခြင်းကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း
လုပ်ငန်းလိုင်စင်များ ချထားပေးသည့် မန္တလေး မြို့တော်စည်ပင်၊
ရေနှင့် သန့်ရှင်းရေး ဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment