အမေရိကန်သမ္မတ
အိုဘားမား ကြီးမှူးကျင်းပသည့် 'Save The Date' ဟု အမည်ပေးထားသည့် ပဋိပက္ခ
ဖြစ်ပွားနေသော နိုင်ငံ ၂၀ တွင် အခြေစိုက် လုပ်ကိုင်နေသည့် အရပ်ဘက်
လူ့အဖွဲ့အစည်းများ တွေ့ဆုံ သည့် ဆွေးနွေးပွဲအတွင်း သမ္မတ အိုဘားမားက
နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံအား ပိုမိုထောက်ပံ့ပေးရန်
လိုလားကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ အောင်မြင်သည့်
အသွင်ကူးပြောင်းရေး ဖြစ်စဉ်များအား ဂုဏ်ယူသည်ဟု ပြောကြားခဲ့ကြောင်းနှင့်
လာမည့် အနာဂတ် ကာလတွင် မြန်မာနိုင်ငံအား ယခုထက်ပိုမို၍
ထောက်ပံ့ပေးမည်ဟုလည်း ပြောကြားခဲ့ကြောင်း ထိုအစည်းအဝေးတွင် ဖိတ်ကြားသဖြင့်
မြန်မာနိုင်ငံ၏ အရပ်ဘက် လူ့အဖွဲ့အစည်းများ ကိုယ်စား တက်ရောက်ခဲ့သည့်
မခင်လေးက ပြောကြား သည်။
ထိုအစည်းအဝေး မတိုင်ခင် အမေရိကန်နိုင်ငံ၏
UN ဆိုင်ရာ သံအမတ်ကြီး Mrs.Samantha နှင့်လည်း တွေ့ဆုံခွင့်ရခဲ့ပြီး
တွေ့ဆုံစဉ်တွင် မခင်လေးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင်
စိန်ခေါ်နေသည့် အချက်များ ရှိနေကြောင်းလည်း ထောက်ပြခဲ့ကြောင်းလည်း
သတင်းရရှိသည်။
မခင်လေးက အာဏာရ အစိုးရအနေနှင့် အသင်းအဖွဲ့ဆိုင်ရာ
ဥပဒေကြမ်းတွင် ပြစ်ဒဏ်များ ထည့်သွင်းထားပြီး အသင်းအဖွဲ့များ
မှတ်ပုံတင်ကြေးမှာ ငါးသိန်းဟု သတ်မှတ်ထားခဲ့ရာမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ
စုစည်းကာ နေပြည်တော်ရှိ ဥပဒေကြမ်း ကော်မတီနှင့် ဆွေးနွေးခဲ့ပြီးနောက်တွင်
အပြစ်ဒဏ်များအား ဖြုတ်ပေးခဲ့ပြီး မှတ်ပုံတင်ကြေးကိုလည်း သောင်းဂဏန်းအထိ
လျော့ပေးခဲ့ကြောင်းကို ရှင်းလင်းပြခဲ့သည်ဟု မခင်လေးက ပြောကြားခဲ့သည်။
မခင်လေးသည် NLD ပါတီ၏ လူငယ်ထောက်ပံ့ရေး အဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ပြီး
၂၀၀၀ ပြည့်နှစ်တွင် စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးထိန်းသိမ်းခြင်းကို
ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်မှ စတင်ကာ Triangle Women Support Group ကို
စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ Triangle Women Support Group မှ
အမျိုးသမီးများအား ကျန်းမာရေး၊ မိသားစု ပြုစုပျိုးထောင်ရေး၊
သားဆက်ခြားခြင်းများအား လိုက်လံဟောပြောခဲ့ပြီး အမျိုးသမီးငယ်များအား
အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များအား သင်တန်းပေး ခဲ့သည်။ သင်တန်းပြီးပါက
အလုပ်အကိုင် ရရှိရေးအတွက်လည်း ကူညီဆောင်ရွက် ပေးသည်ဟု သိရသည်။
Eleven
0 comments:
Post a Comment