ရန်ကုန်တိုင်းဒေသကြီးအတွင်း
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်သောကြောင့် တပ်ဖွဲ့ဝင် ၅၀၀ ကျော်
တိုးချဲ့သွားမည်ဖြစ်သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး
(ရန်ကုန်) မှ ဒုတိယရဲမှူးမျိုးမြင့်အောင်က စက်တင်ဘာ ၈ ရက်တွင် မဇ္ဈိမကို
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့
ဖွဲ့စည်းပုံအင်အားမှာ ၁၄၄၀ သတ်မှတ်ထားရာ လက်ရှိတွင် အင်အား ၉၀၀
ကျော်သာရှိပြီး ဖွဲ့စည်းပုံအင်အား ပြည့်မီရန်ပင် ၅၀၀ ကျော်လိုနေသောကြောင့်
ယင်းအင်အားကို တိုးချဲ့ရခြင်းဖြစ်သည်။
ဒုတိယရဲမှူး
မျိုးမြင့်အောင်က “ဖွဲ့စည်းပုံအတိုင်း ဖြည့်တင်းရင် အဆင်ပြေ တာပေါ့။
ဖြည်းဖြည်း ချင်း ဖြည့် သွားမယ်။ သင်တန်းဆင်းတွေ မွေးထုတ်တယ်၊ တခြားပြည်နယ်
တိုင်းဒေသကြီးရှိ ယာဉ်ထိန်း ရဲတွေကို ယာဉ်ထိန်းသင်တန်းတွေ ပေးတယ်၊
အရပ်အမောင်းမီတဲ့သူတွေ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေကို
သင်တန်းပြန်ပေးပြီးတော့ ဖြည့်နေ ပါတယ်” ဟုပြောသည်။
လက်ရှိတွင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စီးရေများလာပြီး လမ်းကျပ်မှုများ
ဖြစ်ပေါ်သောကြောင့် ယာဉ်ထိန်းရဲ အင်အားမှာလည်း ပိုမိုလိုအပ်လျက်ရှိသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ရခြင်းမှာလည်း
လိုအပ်မှုများရှိခြင်းကြောင့် ဖြစ်သည်ဟု အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့
ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူးကြီးလင်းထွဋ်ကပြောသည်။
နေ့စဉ် နံနက် ၈ နာရီမှ ၁၀ ကြားနှင့် ညနေ ၄ နာရီမှ ၆ နာရီအကြားတွင်
ရန်ကုန်တိုင်း အတွင်းရှိ ယာဉ် ထိန်းရဲ တပ်ဖွဲ့ဝင် အင်အားအကုန်လုံး
လမ်းရှင်းခြင်းများဆောင်ရွက်နေရသည်။
ဒုတိယရဲမှူးကြီးလင်းထွဋ်က
“လက်ရှိယာဉ်ကြောပိတ်ဆို့မှုက စည်းကမ်းအားနည်းတာ။ အပြည့်အ၀ကြီး မဟုတ်ပေမယ့်
အချက်တစ်ချက်လည်းပါတယ်။ ယာဉ်မောင်းသူ တွေ၊ လမ်းသုံးသူတွေအနေနဲ့
စည်ကမ်း တကျသွားမယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားမယ်” ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ယာဉ်စည်းကမ်း
ထိန်းသိမ်းရေးအထူး အဖွဲ့ကို ယခုနှစ်သြဂုတ် ၂၁ ရက်မှစပြီး တစ်နေ့လျှင်
နှစ်ကြိမ်နှုန်းဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်နေသည်။
ဒုတိယရဲမှူးကြီးလင်းထွဋ်က “ဖမ်းဆီးရေးဆိုတာလည်း စည်းကမ်းထိန်းသိမ်းတာဖြစ်တယ်။ ယာဉ် စည်းကမ်း ထိန်းသိမ်းရေး အထူးတပ်ဖွဲ့ထဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့လည်းပါတယ်” ဟုပြောသည်။
ရန်ကုန်မြို့တွင်း အဌားယာဉ်မောင်းသူ ဦးသိန်းဇော်က “မနက်မိုးလင်းတာနဲ့
လမ်းအားလုံးကြပ်နေတာပဲ။ ယာဉ်ထိန်းရဲ အင်အား တိုးတာတော့ကောင်းပါတယ်။
တချို့ပွိုင့်တွေကျတော့ အလုပ်လုပ်တဲ့သူရှိတယ်။ တချို့ပွိုင့်တွေကျတော့လည်း
အလုပ်မလုပ်တဲ့သူ ရှိတယ်။ မီးပွိုင့်တိုင်းမှာ ယာဉ်ထိန်းရဲတွေ
အမြဲဆောင် ရွက်သင့်တယ်။ ကားကလည်း စည်းကမ်းတကျ၊ ယာဉ်ထိန်းရဲကလည်း
စည်းကမ်းတကျဆိုရင် အားလုံးကောင်းပါတယ်” ဟုပြောသည်။
ကားအစီးရေများလာသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု များဖြစ်လာရာ
ယင်းကိုဖြေရှင်းနိုင်ရန် ရန်ကုန်မြို့ ယာဉ်ကျောကြပ်သော နေရာများတွင်
ခုံးကျော်တံတားများကို ဆောက်လုပ်ပြီးဖြေရှင်းနိုင်ရန်လည်း ကြိုးစားနေသည်။
နန်းမြင့်
မဇ္ဈိမ
0 comments:
Post a Comment