Saturday, September 14, 2013

ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲ

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆက်လက်ဆောင်ရွက်ရန် ပညာရေး ဝန်ကြီး ဌာနနှင့် UNESCO တို့ ပူးပေါင်းပြီး သြဂုတ်လမှစတင်ကာ သင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ကျောင်းပြင်ပပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေး က ပြောကြားခဲ့သည်။
သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအတွက် အချိန် ၂ နှစ် သတ်မှတ် ထားရာ ယင်းစီမံချက်ကာလ ပြီးဆုံးပါက ပညာရေးဝန်ကြီးဌာနသို့ သင်ရိုးညွှန်း တမ်း မူကြမ်း တင်သွင်းသွားမည်ဖြစ်ကြောင်း၊ အဆင့်ဆင့်စီမံ ဆောင်ရွက်ရသည့်အတွက် စတင်အကောင်အထည်ဖော် မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၄င်းက ထပ်မံပြောကြားသည်။ အဆိုပါ ကျောင်းပြင်ပ အလယ်တန်းပြီးဆုံးသည့် ကလေးများသည် နဝမတန်းကို ဆက်လက် သင်ယူနိုင်သည့်အတွက် သင်ရိုးညွှန်းတမ်းတွင် နဝမတန်းသင်ရိုး အခြေခံကို နားလည်လွယ်အောင် ရေးဆွဲရမည့်အပြင် ပညာဆက်လက် သင်ကြားရန် အစီအစဉ်မရှိသူများ အတွက်ကိုလည်း အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ ထည့်သွင်း သင်ကြားသွားရန်ရှိကြောင်း ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေးက ဆက်လက် ပြောဆိုသည်။ မသင်မနေရ မူလတန်းပညာရေးကို ၂၀၁၁-၁၂ မှ စတင်ခဲ့သော်လည်း အကောင် အထည်ဖော်မှု အားနည်းသောကြောင့် မူလတန်း ကျောင်း ထွက်နှုန်းများ ဆက်လက် မြင့်တက်လျက်ရှိကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ထံ စုံစမ်းသိရှိရသည်။ အခြေခံလူတန်းစားများအတွက် မသင်မနေရ မူလတန်းအဆင့်နှင့် မလုံလောက်ကြောင်း၊ ယင်းကြောင့် အလယ်တန်း အဆင့် ထိ မသင်မနေရ ပညာရေးဖြစ်ရန် ထပ်မံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကျောင်းပြင်ပ ပညာရေး လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းက သုံးသပ်ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေး စီမံချက်များကို ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ပြင်ပ အလှူရှင်များက အသုံးစရိတ် ပိုင်းနှင့် နည်းပညာပိုင်းများ ပံ့ပိုးကူညီပေးလျက် ရှိပြီး ကျောင်းပြင်ပ မူလတန်းပညာရေးတွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးငယ် များကို ဦးတည် ဆောင်ရွက်ထားသည်။ ကျောင်းပြင်ပ မူလတန်းပညာရေး တွင် စာသင်နှစ် ၂ နှစ်သာရှိပြီး တစ်နှစ်လျှင် ရက်ပေါင်း ၂၅၀ (တစ်ရက် လျှင် စာသင်ချိန် နှစ်နာရီ) သာ ကြာမြင့်သည်ဟု ၂၀၁၃ ခုနှစ် စက်တင် ဘာ လ ၁၄ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment