Friday, September 6, 2013

စိတ်ကျန်းမာရေးဆေးရုံတွင် အရက်နှင့် ဆက်နွှယ်သည့်ဝေဒနာရှင် အများဆုံး

ရန်ကုန်မြို့တော် ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံသို့ လာရောက် ဆေး ကုသသူများအနက် အရက်နှင့် ဆက်နွှယ်သည့် စိတ်ဝေဒနာရှင်ဦးရေမှာ အများဆုံး ဖြစ်ကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံ အုပ်ကြီးဖြစ် သူ ဒေါက်တာ ဦးကျော် စိုးက The Voice သို့ ပြောကြားသည်။

အရက်သောက်လွန်ပြီး စိတ်ဖောက်ပြန်မှုများကြောင့် လာရောက် ဆေးကုသသူမှာ ၂၀၁၃ ခုနှစ်အစမှ သြဂုတ်လအထိ ၂၄၉၁ ဦးရှိပြီး စိတ်ကြွ၊ စိတ်ကျရောဂါ ဝေဒနာရှင်ဦးရေမှာ ၂၁၉၉ ဦးနှင့် စိတ်ကစဥ့် ကလျား ဝေဒနာရှင် ၁၂၉၂ ဦး ရှိကြောင်း ၎င်းကဆိုသည်။

အရက်ထုတ်လုပ်သည့် လုပ်ငန်းများ များပြားလာခြင်း၊ တံဆိပ်တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်မှုကြောင့် ဈေးနှုန်း ချိုသာခြင်းများကြောင့် အရက်သောက်သုံးသူ များပြားလာသလို၊ လူမှုဝန်းကျင်တွင် စိတ်ဖိစီးမှုနှင့် ယှဉ်ပြိုင်မှု များပြားလာခြင်းကြောင့်လည်း အရက်သောက်သုံးမှု တိုးပွားလာကြောင်း အဆိုပါ ဆေးရုံ အုပ်ကြီးက ပြောကြားသည်။

“အရက်ကုမ္ပဏီတစ်ခုကရတဲ့ အခွန်အခထက် နောက်ဆက်တွဲ ဆေးကုသ စရိတ်က သုံးဆလောက် ပိုကုန်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ယခုလက်ရှိ အဆိုပါ စိတ်ကျန်းမာရေးဆေးရုံတွင် တက်ရောက် ကုသနေသူ ၁၂၀၀ ခန့်ရှိပြီး ဧပြီလတွင် ၈၃၁ ဦး၊ မေလတွင် ၈၆၉ ဦး၊ ဇွန်လတွင် ၈၉၆ ဦး၊ ဇူလိုင်လတွင် ၉၀၇ ဦးနှင့် သြဂုတ်လတွင် ၁၀၄၄ လူနာဦးရေမှာ လစဉ်တိုးပွားလျက် ရှိကြောင်း၊ ယင်းတို့အနက် ၈၅ ရာခိုင်နှုန်းခန့်မှာ အရက်၊ မူးယစ်ဆေး ဝါးနှင့် စိတ်ကစဥ့်ကလျား ရောဂါဝေဒနာရှင်များဖြစ်ပြီး ဆေးရုံသို့ လာရောက်ကုသသူ ၈၀ ရာခိုင်နှုန်း ခန့်ကို ရောဂါ ပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment