Tuesday, September 24, 2013

စင်ကာပူသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

8.1.1
စက်တင်ဘာ ၂၃ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတ တိုနီတန်တို့ သမ္မတ နန်းတော်တွင် တွေ့ဆုံစဉ် (Photo:AFP)
စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့ နံနက်ပိုင်းတွင် စင်ကာပူသမ္မတ တိုနီတန်၊ ၀န်ကြီးချုပ် လီရှန်လွန်းတို့နှင့် မြန်မာ့အရေး တွေ့ ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှု၊ စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံတို့၏ ဆက်ဆံရေး တိုးမြှင့်လာမည့် အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပြီး စင်ကာပူနိုင်ငံသို့ လာရောက် လည်ပတ်ရခြင်းကို ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် နှစ် သက်ခြင်းကြောင့် ၀မ်းမြောက်ပါကြောင်း ပြောဆိုခဲ့သည်ဟု ၀န်ကြီးချုပ် လီရှန်လွန်း ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားချက်အရ သိရသည်။
ဝန်ကြီးချုပ် လီရှန်လွန်းသည် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ မလာရောက်မီ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးချယ်ခံရပါက မြန်မာနိုင်ငံအတွက် ကောင်းမွန်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အာဆီယံဒေသတွင်း သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် မှတ်ချက်ပေး ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်၍ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ငါးရက်ကြာမြင့်မည်ဖြစ်ကာ စက်တင်ဘာ ၂၄ ရက်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း စက်တင်ဘာ ၂၁ ရက်၌ စင်ကာပူနိုင်ငံ ထိပ်သီးညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။
စက်တင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့တွင် စင်ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းနှင့် တွေ့ဆုံခဲ့ပြီး စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားသည်။ ထို့နောက် စက်တင်ဘာ ၂၃ ရက် တနင်္လာနေ့တွင် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်အပြင် ၀ါရင့်ဝန်ကြီး Mr.Goh Chok Tong၊ လွှတ်တော်ဥက္ကဋ္ဌ Madam Haliamah Yacob တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့၌ စင်ကာပူနိုင်ငံ စံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment