Friday, September 6, 2013

နေ့စဉ်လူဦးရေ တစ်သိန်းကျော် အသုံးပြုလာသည့် မြို့ပတ်ရထား အစင်း ၂၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်မှာ အချိန်မှန် မထွက်နိုင်

8.1.1
ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်နေသော မြို့ပတ်ရထား တစ်စင်းအား တွေ့ရစဉ်
နေ့စဉ် လူဦးရေ တစ်သိန်းကျော် အသုံးပြုလာသည့် ရန်ကုန်မြို့ပတ်ရထား အစင်း ၂၀၀ တွင် ၁၀ ရာခိုင်နှုန်းခန့်မှာ အချိန်မှန် မထွက်နိုင်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကြောင့် ယခင်က အသုံးပြုမှု နည်းပါးသော မြို့ပတ်ရထား၏ လူစီးနှုန်း အနေအထားမှာ ပြန်လည် အသက်ဝင် မြင့်တက်လာသော်လည်း ပြေးဆွဲနေသော ရထားများထဲမှ အစင်း ၂၀ ခန့်မှာ နေ့စဉ်အချိန်ပြောင်း ပြေးဆွဲနေရသည်။ ယင်းသို့ဖြစ်ပေါ်ရခြင်းမှာ ရထားများ၏ အင်ဂျင်ခေါင်း ရထားလမ်းပိုင်း အခြေအနေများကြောင့် ဖြစ်ကြောင်း တစ်ခါတစ်ရံတွင် ရထားလမ်းပေါ် တွင် ဖြစ်ပွားနေသော မှုခင်း အခြေအနေများကြောင့် ထွက်ရှိမှုကို လွှဲပြောင်း ပြေးဆွဲ ရကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''ကျွန်တော်တို့ အနေနဲ့က အတတ်နိုင်ဆုံး သတ်မှတ်ချိန်ကို ထွက်နိုင်အောင်တော့ လုပ်ဆောင်ပါတယ်။ လွဲချော်မှုတွေကတော့ ကြုံတာပါပဲ။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ်တော့ အချိန်နဲ့ တစ်ပြေးညီထွက်နိုင်တယ် ဆိုတာတော့ ရှားပါတယ်'' ဟု ပြောကြား သည်။
သို့သော် ယင်းအခက်အခဲကို ဖြေရှင်းရာတွင် နိုင်ငံတကာနှင့် ယှဉ်နိုင်ခြင်း မရှိသေးကြောင်း၊ ရန်ကုန်မြို့ ပတ် ရထားများတွင် အချိန်ရွှေ့ပြောင်းရမှုမှာ နာရီဝက်ခန့် ကြာမြင့်တတ်ကြောင်း ဦးရဲလွင် က ပြောကြား သည်။
''ကျွန်တော်တို့ လက်ရှိအနေအထားနဲ့ ကတော့ နိုင်ငံတကာကို ဘယ်လိုမှ မယှဉ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဖြစ် လာအောင်တော့ ကြိုးစားဆောင်ရွက် နေရပါတယ်။ နိုင်ငံတကာမှာ တစ်မိနစ်လောက် ကြာပေမယ့် ကျွန်တော်တို့ ဆီမှာတော့ နာရီဝက်လောက်တော့ ကြာနေပါတယ်'' ဟု ဦးရဲလွင်က ဆိုသည်။
ရန်ကုန်မြို့ပတ် ရထားစနစ်များ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး၏ လမ်းအနေအထား များအား ပြုပြင် အဆင့် မြှင့်တင်ရန် ဂျပန်နိုင်ငံနှင့် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သဘောတူညီချက် ရရှိထားသည့်အပြင် အချို့နေရာများတွင် စတင်နိုင်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား အစင်း ၂၀၀ အသုံးပြုနေမှုအား ထပ်မံတိုးမြှင့်သွားရန် ရှိသည့်အပြင် မြို့တစ်ပတ် ပြေးဆွဲရာတွင် သုံးနာရီကြာမြင့်နေမှုကို လျော့ချသွားရန် စီစဉ်နေပြီ ဖြစ်သည်။
ယင်းအပြင် ရထားများ၏ အဆင့်မြှင့်တင် မှုများကို ပြုလုပ်နေပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE မြို့ပတ်ရထားအား ပြေးဆွဲရန် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment