
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုး သမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒလမြို့ ရာဇသင်္ကြန်ဘုရားကြီးရှေ့ကနေ မြို့လယ်နာရီစင်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မလှလှမြင့် က အခုလိုပြောပါတယ်။
“အဓိကကတော့ အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေးပေါ့နော်၊ အခုရပ်ကွက်တွေမှာ အမျိုး သမီးတွေ မုဒိန်းမှုတွေ တအားဖြစ် လွန်းအားကြီးတယ်၊ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေကို ကာကွယ် လို့ရအောင်ဆိုပြီးတော့၊ နောက်ကလေးတွေ ကာကွယ်စောင့်ရှောက်ရေးအတွက်ဦးတည်ပြီး ကျမတို့ဆန္ဒပြ ရခြင်းဖြစ်ပါတယ်”
ဒလမြို့အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအပြင် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ သိသိသာသာ များပြားလာနေတယ်လို့ ဆန္ဒပြသူအမျိုးသမီးတွေက ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒလမြို့ခံ အမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံရေး အတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
RFA Burmese
0 comments:
Post a Comment